ဓမ္မစကြာ နိဒါန်းအမှာစာ
(ဤနိဒါန်းကို ဖတ်ဖြစ်အောင် ဖတ်ပါ)
ဤဓမ္မစကြာတရားတော်မြတ်သည်ဘုရားရှင် ဟောကြားတော်မူသော တရားတော်များထဲတွင်
နံပါတ်တစ် တရားတော်ဖြစ်သည်။ နံပါတ်တစ် တရားတော်ကို ပူဇော်ကြသော ပုဂ္ဂိုလ်များမှာ
နံပါတ်တစ်အကျိုးတရားကို ရရှိနိုင်မည်ဖြစ်သည်။ ထိုအကြောင်းနှင့် ပတ်သက်၍ ဓမ္မစကြာ၏
နိဒါန်းတွင်လည်း “နန္ဒိတံ သဗ္ဗဒေဝေဟိ၊ သဗ္ဗသမ္ပတ္တိသာဓကံ” - နတ်ဒေဝတာ အပေါင်းတို့
အလွန်မြတ်နိုးကြောင်းနှင့် အလုံးစုံသော ကောင်းကျိုးကို ရရှိနိုင်ကြောင်း
ညွှန်ပြထားပါသည်။
ဤဓမ္မစကြာတရားတော် ဟောကြားပြီးသည့်အချိန်တွင် လူသားထဲမှ ပဉ္စဝဂ္ဂီငါးဦး
ကျွတ်တမ်းဝင်၍ နတ်ဗြဟ္မာပေါင်း (၁၈) ကုဋေ ရဟန်းတာ ဖြစ်ကာ၊ သောတာပန်၊ သကဒါဂါမ်၊
အနာဂါမ် ဖြစ်ကြသော နတ်ဗြဟ္မာများမှာ ရေတွက်၍ပင် မကုန်နိုင်ကြောင်း ကျမ်းစာများတွင်
ပြဆိုထားသည်။
ဤတရားတော်မြတ်သည် သစ္စာလေးပါးကို မူလထားပြီး သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်
ဟူသော ဉာဏ်သုံးပါးကို မူလီသွတ်၍ သုံးကျော့ သုံးပြန် ဆယ့်နှစ်ပါးသော အခြင်းအရာဖြင့်
အလုံးစုံ ပြည့်စုံကောင်းမွန်စွာ ပထမဆုံး ဟောကြားခဲ့သည့် တရားတော်ဖြစ်သည့် အလျောက်
အနှိုင်းမဲ့ တန်ခိုးအရှိန်အဝါတို့ဖြင့် ပြည့်စုံပါသည်။
ဤတရားတော်မြတ်ကို လွန်ခဲ့သော နှစ်ပေါင်း (၂၅၀၀) ကျော်က ဗာရဏသီပြည်သူတို့၏ ဣသိပတန
မိဂဒါဝုန် တောအုပ်တွင် ဘုရားရှင် ကိုယ်တော်တိုင် ဟောကြားလည်ပတ်
စေခဲ့သည့်အချိန်မှစ၍ လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ နှုတ်ဖျားတွင် ယနေ့တိုင်အောင်
လည်ပတ်နေလျက်ရှိသည်။ ထိုကဲ့သို့ လည်ပတ်နေခြင်းကို ရပ်ဆိုင်းသွားအောင် ဘယ်လူ၊
ဘယ်နတ်၊ ဘယ်ဗြဟ္မာ တို့ကမှ မတတ်နိုင်ပါ။
ဤဓမ္မစကြာတရားကို ဟောကြားပြီးဆုံးသွားသည်နှင့် တပြိုင်နက် စကြာဝဠာ လောကဓာတ်
တိုက်တစ်သောင်းသည် အောက်သို့ နိမ့်လျက် နိမ့်လျက် တသိမ့်သိမ့်ဖြင့်
တုန်လှုပ်ခဲ့ရသည်၊ အထက်သို့ တက်၍ တက်၍ တသွက်သွက်ဖြင့် တုန်လှုပ်ခဲ့ရသည်၊
အေးယဉ်လွှဲသကဲ့သို့ နွှဲကာ နွှဲကာဖြင့် တုန်လှုပ်ခဲ့ရသည်။ စကြာဝဠာအပေါင်း
တိုက်တစ်သောင်းတွင် အံဩဘွယ်ရာ ကောင်းလောက်အောင် အဆန်းတကြယ် အလွန်ကြီးမားသော
အလင်းရောင်ကြီး ဖြစ်ပေါ်ခဲ့ရသည်။ ထိုအလင်းရောင်ကြီးကြောင့် နတ်ဗြဟ္မာတို့၏
အရောင်အဝါသည် ပျောက်ကွယ်လုမတတ် ဖြစ်ခဲ့ရသည်။
ထို့ကြောင့် ကံကောင်း ထောက်မ၍ ဤသာသနာတော်ကြီးနှင့် တွေ့ကြုံလာကြသော
သင်တို့၊ ကျွနှ်ပ်တို့သည် ထူးမြတ်ကောင်းမွန်သည့် “ဤဓမ္မစကြာတရားတော်မြတ်” ကို
အမြဲမပြတ် ရွတ်ပွါးပူဇော် သွားကြပါစို့။
မေတ္တာဖြင့်