မိုးတိမ်လွင်ပြင် သို့ လာရောက်သူအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ပါစေ ...
Monday, January 14, 2013
ကုသိုလ်ဆိုတာ
ကောင်းမှု ကုသိုလ်ဆိုတာ
စိတ်မပါလည်း လုပ်။
စိတ်ပါလည်း လုပ်။
အားရင်လည်း လုပ်။
မအားရင်လည်း လုပ်၊
ဘာကြောင့်လည်းဆိုတော့...
အိုတာလည်း မအားပဲအိုနေတာ၊
နာတာလည်း မအားပဲနာနေတာ၊
သေချိန်ကြတော့လည်း...
မအားပဲသေရမှာဆိုတော့၊
အားကိုးစရာ တရားစွမ်းအားဟာ...
သမုဒ္ဒရာ ၀မ်းတစ်ထွာထဲကနေပြီး၊
လိမ္မာပါးနပ်စွာနဲ့
ပြုလုပ်အားထုတ်ကြရမှာပါ။
အမျှပေးဝေတဲ့အခါ ဘာဖြစ်လို့ ကြေးစည် တီး ကြပါသလဲ?
ကုသိုလ်ကောင်းမှု ပြုတဲ့အခါ ကိုယ့်မှာရပြီးတဲ့ ကုသိုလ်ကို အခြားသူတွေ ထပ်တူရဖို့ အမျှပေးဝေတယ်။
ပေးဝေရာမှာ ကိုယ့်ရဲ့အသံက သိပ်မကျယ်ဘူး။ အဝေးကကြားအောင် အကျယ်ကြီးအော်ပြောလို့လဲ
ပတ်ဝန်းကျင်လူတွေမှာ အနှောင့်အယှက်ဖြစ်ဖို့ ရှိပါတယ်။
ဒါကြောင့် အမျှပေးဝေနေပါတယ်။ ၀မ်းမြောက်ဝမ်းသာ သာဓုအနူမောဒနာ ခေါ်ကြပါလို့
တိုက်တွန်းတဲ့အနေနဲ့၊ အသံပေးတဲ့ အနေနဲ့ အမျှဝေပြီးရင် ကြေးစည်တီးခတ်လေ့ရှိပါတယ်။
ကြေးစည်သံကြားရင်လဲ ကြားရသူ ဗုဒ္ဓဘာသာတွေက သာဓု သာဓု သာဓုလို့ အနူမောဒနာ ပြုကြပါတယ်။
အမျှပေးဝေမှန်း သိရအောင်လို့ ကြေးစည်တီး ကျေညာခြင်း ဖြစ်ပါတယ်။
သူတော်ကောင်း သူမြတ်လောင်းတို့ပေးဝေသော ကုသိုလ်ကောင်းမှု၏ အဖို့ကို
အကျွန်ူပ် ၀မ်းမြောက်ဝမ်းသာ သာဓုအနူမောဒနာ ခေါ်ဆိုပါ၏။
သာဓု.. သာဓု.. သာဓု လို့ အနူမောဒနာ ပြုရပါမယ်။

Wednesday, December 12, 2012
" ဒို့မှာခေါင်းဆောင်ရှိတယ်" တရားတော်
ဒို့မှာခေါင်းဆောင်ရှိတယ်။ အဲဒီခေါင်းဆောင်က ဓမ္မပဲ။
ကိုယ့်မှာခေါင်းဆောင်ရှိတယ်ဆိုရင် တရားဓမ္မ ရှိတယ်လို့ပြောတာပါ။
ကိုယ့်မှာသာခေါင်းဆောင်မရှိဘူးဆိုရင် တရားမရှိတာနဲအတူတူပါပဲ။
ကိုယ့်မှာခေါင်းဆောင်ရှိပြီး တရားကိုမကျင့်ခဲ့ဘူးဆိုရင်လည်း ကိုယ့်မှာခေါင်းဆောင်မဲ့သွားမှာပါ။
ဓမ္မမှာအမျိုးမျိုးရှိပါတယ်။
ကောင်းစွာကျင့်သုံးတက်တဲ့ ဓမ္မသည် ချမ်းသာသုခကိုဆောင်တယ်။
ဓမ္မကိုကျင့်တဲ့ ပုဂ္ဂိုလ်ကို ဓမ္မကစောင့်လျှောက်တယ်လို့ မြတ်စွာဘုရားကဟောထားပါတယ်။
အဲဒီဓမ္မတွေက ဘာတွေလဲဆိုတော့ အခြေခံအားဖြင့်ပြောမယ်ဆိုရင်.. အဝေးကိုရှာနေစရာမလိုပါဘူး။
သူ့အသက် သက်ခြင်းကရှောင်တယ်။
သူ့ဥစ္စာခိုးခြင်းကရှောင်တယ်။
သူတစ်ပါး သားမယား ပြစ်မှားခြင်းကရှောင်တယ်။
လိမ်မပြောဘူး။ မှန်ကန်စွာပြောတယ်။
ဂုန်းမတိုက်ဘူး။ ညီညွတ်အောင်ပြောတယ်။
မဆဲဘူး ယဉ်ကျေးတဲ့စကားနဲ့ပြောတယ်။
အကျိုးမဲ့တဲ့စကားတွေကို မပြောဘူး။ အကျိုးရှိတဲ့စကားတွေကိုပဲပြောတယ်။
သူများစည်းစိမ်ကို ကိုယ့်စည်းစိမ်ဖြစ်လိုတဲ့စိတ်။ သူများပစ္စည်းကို ကိုယ့်ပစ္စည်းဖြစ်လိုတဲ့စိတ် မရှိဘူး။
လောဘမဖြစ်ဘူး။ သူတစ်ပါးတွေကို နစ်နာပျက်စီးစေလိုတဲ့ စိတ်ယုတ်မာမျိုးမထားဘူး။
အားလုံးချမ်းသာပါစေဆိုတဲ့ စိတ်ရှိတယ်။
ကံ ကံ၏အကျိုးကို လက်ခံယုံကြည်တယ်ဆိုရင် ဒါဟာတရားရှိတာပါပဲ။ အဲဒီတရားတွေအားလုံးသည် ဓမ္မပါပဲ။
အဲဒီဓမ္မကိုကျင့်သုံးတဲ့သူတွေဟာ (၃၁) ဘုံထဲက (၇)ဘုံကို ရောက်မယ်။ လူပြည်ရယ် နတ်ပြည် ခြောက်ထပ်ရယ်။
ဒါဖြင့် အောက်မှာနေတဲ့ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကယ်ဆိုတဲ့ အပါယ် (၄)ဘုံကို ရောက်တဲ့သူတွေက အဓမ္မကိုကျင့်တဲ့သူတွေပါ။
ဒါကြောင့် ကိုယ့်ကျင့်သုံးရမှာက ဓမ္မသာဖြစ်တယ်။
ဒါကြောင့် ဓမ္မသာလျင် မိတ်ဆွေတို့ရဲ့ ကိုးကွယ်ရာဖြစ်ပါတယ်။ ဒို့မှာခေါင်းဆောင်ရှိတယ်ဆိုတာ ဓမ္မကို ပြောတာပါ။
(ဓမ္မမိတ်ဆွေများလည်း ဓမ္မကိုကျင့်ပြီး လူ့ပြည်နဲ နတ်ပြည်ခြောက်ထပ်ကိုပဲသွားနိုင်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ ဖြစ်ကြပါစေ... သာဓု..သာဓု..သာဓု..။)
(ဘဒ္ဒန္တ ဒေါက်တာ နန္ဒမာလာဘိဝံသ၏ " ဒို့မှာခေါင်းဆောင်ရှိတယ်" ... တရားတော်မှ ကောက်နုတ်ထားပါသည်။) (13.12.2012) (11:21 AM)
ဆရာတော်၏ ပုံတော်ကို Young Buddhist's Association မှကူးယူထားပါသည်။

Tuesday, October 23, 2012
ရတနာထိုက်သောစကားလေးခွန်း
အဆုံးအမပေးသော ဆရာတော်အားကျေးဇူးတင် ဦးချကန်တော့ရင်း ရတနာထိုက်သောစကားလေးခွန်း ၏
အဆုံးအမများကိုပြန်လည်း မျှဝေပါတယ်။
(၁) မြင့်သူတွေရဲ့ကြားထဲမှာ နိမ့်သူအဖြစ်နေပါ
**********************************
မြင့်သူတွေရဲ့ကြားထဲမှာဆိုတာက လောကကြီးမှာ သေယျမာန်၊သဒိသမာန်၊ဟီနမာန်တည်းသော မာန်မာနတွေဖြင့် ထောင်လွှာပြီးတော့နေနေတဲ့သူတွေရဲ့ကြားထဲမှာ မာန်မာနမရှိဘဲနိမ့်သူအဖြစ် နေပါလို့ပြောချင်တာပါ။ အဲဒီတော့ သာမန်ပုထုဇဉ်အနေဖြင့် မာန်မာနတွေကတော့ ရှိနေဦးမှာပါပဲ၊ မိမိက အဲဒီလူတွေကြားထဲမှာ သတိသမ္ပဇဉ်စိတ်ဝယ် ဆင်ပြီးနေတတ်ဖို့ပါပဲ။ ဒါဆိုရင် မာန်မာနတွေထူပြောနေတဲ့သူတွေကြားထဲမှာ မာန်မာနမရှိဘဲနေတတ်အောင်နေပါလို့ ရတနာထိုက်သောပထမစကားတစ်ခွန်းဖြင့်တိုက်တွန်းလိုက်ရပါတယ်..။
(၂) နိမ့်သူတွေရဲ့ကြားထဲမှာ မြင့်သူအဖြစ်နေပါ
***********************************
နိမ့်သူတွေရဲ့ကြားထဲမှာဆိုတာက လောကကြီးမှာ ကိုယ်ကျင့်သီလပျက်ပြားနေတဲ့သူတွေအများကြီးရှိပါတယ်၊ အဲဒီလိုကိုယ်ကျင့်တရားပျက်ပြားသူတွေကြားထဲမှာ မြင့်မြတ်သူတစ်ယောက်အဖြစ်နေတတ်အောင်နေပါလို့ပြောချင်တာပါ။ မိမိဘ၀မှာ သို့မဟုတ် မိမိပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် တွေ့ကောင်းတွေ့ပါလိမ့်မယ်၊ အကျင့်သီလပျက်ပြားနေတဲ့သူတွေကိုပေါ့၊ ဘယ်သူတွေ ဘယ်လိုပျက်ပျက် အဲဒီအထဲမှာ မိမိက မပါသွားဖို့ပဲလိုတယ်။ ဒါဆိုရင် ကိုယ့်ကျင့်တရားပျက်ပြားနေသူတွေ ကြားထဲမှာ မြင့်မြတ်သူတစ်ယောက်အဖြစ်နေတတ်အောင်နေပါလို့ ရတနာထိုက်သော ဒုတိယစကားတစ်ခွန်းဖြင့် တိုက်တွန်းလိုက်ရပါတယ်..။
Monday, October 8, 2012
ဘ၀မှာစိတ်ချမ်းသာဖို့
၁)
ငါဟာ ငါ့ဘ၀မှာ အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့မိသားစုဘ၀မှာလည်း အရေးပါတဲ့သူဖြစ်တယ်။
ငါ့အသိုင်းအ၀ိုင်းမှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ဘာတွေ လုပ်ပေးနိုင်လို့အရေးပါတာလဲ။
ဘာမှ ထူးထူးခြားခြား လုပ်ပေးနိုင်လို့ မဟုတ်ပါဘူး။ သွားရင်းလာရင်းနဲ့စိတ်ချမ်းသာစရာလေးတွေကို
ငါ ပြောနိုင်တယ်။ တစ်ခါတလေ ကိုယ်တတ်နိုင်တဲ့ အကူအညီပေးနိုင်တယ်။
ငါ့ကြောင့်နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမ်းသာမှု ရစေချင်တယ်။
ငါ့ဘ၀မှာ ငါဟာအရေးအပါဆုံးလူ မဟုတ်ရင် ဘယ်သူက ငါ့ဘ၀မှာ အရေးအပါဆုံး ဖြစ်မလဲ။
ငါဟာ ဘာမှ အသုံးမကျတဲ့သူလို့ ငါ့ကိုယ်ငါ သဘောထားရင်ဘယ်လိုလုပ် စိတ်ချမ်းသာမလဲ။
ဘယ်လိုလုပ် စိတ်အားတက်မလဲ။
(၂)
ငါ ဘယ်သူ့ကိုမှ ဒုက္ခမပေးမိအောင် သတိထားတယ်။ တစ်ယောက်ကိုတစ်ယောက်
ဒုက္ခပေးနေကြရင်ဒီလောက်လူတွေများတဲ့ လောကကြီးမှာ ဘယ်နေလို့ ဖြစ်တော့မလဲ။
ဒါကြောင့် စိတ်ချမ်းသာမှုမပေးနိုင်ရင်ရှိပါစေတော့ စိတ်ဆင်းရဲမှုတော့ မပေးမိအောင် သတိထားပါတယ်။
(၃)
ဒီနေ့ဟာ အရေးအကြီးဆုံးနေ့ပဲ။ ဒီနေ့ကို တန်ဖိုးထားမှ နေ့တိုင်း
တန်ဖိုးရှိတဲ့နေ့ ဖြစ်မယ်။ နေ့တိုင်း တန်ဖိုးရှိတဲ့နေ့ဖြစ်မှ ငါ့ဘ၀ဟာ တန်ဖိုးရှိတဲ့ဘ၀ဖြစ်မယ်။
ဒါကြောင့် ဒီနေ့ တန်ဖိုးရှိတာ လုပ်မယ်။
ပညာရှာမယ်။ မိတ်ဆွေကောင်းရှာမယ်။ စိတ်ချမ်းသာအောင် နေမယ်။
မွေးနေ့မှာ Happy Birth Day ပျော်ရွှင်စရာမွေးနေ့လို့ ပြောကြတယ်။
ပျော်လည်းပျော်ကြတယ်။ နေ့တိုင်း အဲဒီလို ပျော်လို့ မဖြစ်ဘူးလား။
မဖြစ်နိုင်စရာအကြောင်း ဘာရှိသလဲ။ နေ့တိုင်း မွေးနေ့လို့ သဘောထားမယ်။
(၄)
ဒီနေ့လုပ်ရမယ့် အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်။ လူတွေကို
အကောင်းဆုံးသဘောထားနဲ့ ဆက်ဆံမယ်။
ငါနဲ့တွေ့ရတဲ့ လူတွေဟာ ငါ့လိုပဲ ဘ၀ကို ရုန်းကန်ပြီး နေသွားကြတယ်။
(၅)
ကိုယ်တတ်နိုင်တာကို ပျော်ပျော်ရွှင်ရွှင် စိတ်ပါလက်ပါ၊ ရိုးရိုးသားသားစေတနာနဲ့ လုပ်မယ်။
မတတ်နိုင်တာကို မတတ်နိုင်ဘူးလို့ သဘောထားမယ်။
အဲဒီလို မတတ်နိုင်တဲ့ အတွက်ကြောင့်စိတ်ဆင်းရဲမခံဘူး။

အကုသိုလ်၊ သစ်ပင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှု
မနက်စောစော ကော်ဖီ သောက်ရင်းနဲ့ ပြုခဲ့တဲ့ ကုသိုလ် စာရင်းလေးကို ပြန်ဖတ်ရင်း၊
ပြန်တွေးဖြစ်ရင်းနဲ့ စိတ်က အလိုလို ကြည်နူး လာပါတယ်။
သိပ်များများ စားစားကြီး မဟုတ်ခဲ့ပေမယ့် တချို့ကုသိုလ်လေး တွေကိုတော့
ဒီနေ့အထိ သတိတရ ရှိနေတုန်းပါ။ ဥပမာ - အသက်(၅၀)ကျော် အသား မည်းမည်း
အမျိုးသမီးကြီး တစ်ယောက် ခေါင်းပေါ်က မုန့်ဗန်းကြီး မှောက်ကျ သွားလို့
ငိုနေတာ တွေ့ရတော့ ပါလာတဲ့ ငွေတချို့ကို ထုတ်လှူ ဖြစ်ခဲ့တာမျိုးလေး တွေပါ။
အဲဒီလို အပြုအမူ ကုသိုလ်လေးကို ပြန်ဖတ်မိတိုင်း၊ ပြန်တွေး မိတိုင်း
ကြည်နူးရမြဲပါ။ စာလို ပြောရင်တော့ အပရ စေတနာပေါ့။
ကုသိုလ် စာရင်းကို မှတ်တမ်းတင်ဖြစ်သလို ပြုခဲ့တဲ့ အကုသိုလ် စာရင်းကိုလည်း
ဘယ်ညာပူးတွဲပြီး မှတ်တမ်းများ တင်နိုင်ခဲ့ရင် ဘယ်စာရင်းက အလေးသာသွားမလဲ၊
ကုသိုလ်ကလား၊ အကုသိုလ်ကလား၊ ပုထုဇဉ်ပီပီ အကုသိုလ်တွေကို
အကြိမ်ကြိမ်တွေးခဲ့၊ အကြိမ်ကြိမ် ပြောခဲ့၊ အကြိမ်ကြိမ် ပြုခဲ့တာပါ။
သီးသန့်မှတ်တမ်း မရှိခဲ့လို့ အရေအတွက် မသိရတာသာ ရှိမယ်။ တွေးခဲ့၊ ပြောခဲ့၊
ပြုခဲ့မိတာတွေကတော့ မမြင်ရတဲ့ အရေအတွက်တစ်ခု အနေနဲ့ တည်ရှိနေကြမှာပါ။

Thursday, August 30, 2012
မေတ္တာသုတ် ပါဠိတော် နှင့် မေတ္တာသုတ် အနက်အဓိပ္ပါယ်
မေတ္တာသုတ် ပါဠိတော်
******************
၁။ ယဿနုဘာဝတော ယက္ခာ၊ နေ၀ ဒေဿန္တိ ဘီသနံ။
ယမှိစေ၀ါနုယုဉ္ဖန္တော။ ရတ္တိံဒိဝ မတန္ဒိတော။
၂။ သုခံ သုပတိသုတ္တောစ၊ ပါပံ ကိဉ္စိ နပဿတိ။
ဧ၀မာဒိ ဂုဏုပေတံ၊ ပရိတ္တံ တံဘဏာမဟေ။
၃။ ကရဏီယမတ္ထ ကုသလေန၊ ယန္တ သန္တံပဒံ အဘိသမေစ္စေ။
သက္ကော ဥဇူစ သုဟုဇူစ၊ သုဝစော စဿ မုဒုအနတိမာနီ၊
၎။ သန္တုဿကောစ သုဘရော စ၊
အပ္ပကိစ္စော စ၊ သလ္လဟုက၀ုတ္တိ။
သန္တိနြ္ဒိယော စ နိပကော စ၊
အပ္ပဂဗ္ဘော ကုလေသွ နနုဂိဒ္ဓေါ။
၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန ၀ိညု ပရေ ဥပ၀ဒေယျုံ။
သုခိနောဝ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိသတ္တာ။

Friday, August 17, 2012
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော "လွတ်မြောက်တဲ့ စိတ်အကြောင်း" တရားတော်...
စိတ်ကလေး လွတ်သွားဖို့ဆိုတာ လွတ်မြောက်တဲ့စိတ်ရဖို့ဆိုတာ လွယ်တာမဟုတ်ဘူး
မရင့်ကျက်သေးရင် ရင့်ကျက်ဖို့အကြောင်းတရားတွေ ကိုယ့်မှာ လိုနေသေးတယ်
အဲဒီအကြောင်းတရားတွေက ဘာတွေလဲဆိုရင်...
နံပါတ်တစ် ကိုယ့်မှာ လမ်းညွှန်မှု ဂိုက်လိုင်းပေးနိုင်တဲ့ မိတ်ကောင်း၊ ဆွေကောင်းတွေလိုမယ်။
နံပါတ်နှစ် ကိုယ့်မှာ ကိုယ်ကျင့်တရား ပြည့်စုံဖို့လိုမယ်။
( ဥပမာ-ရဟန်းဆိုရင် ရဟန်းတွေကျင့်ရမည့် ကိုယ်ကျင့်သီလ၊ ကိုယ်ကျင့်တရားတွေလိုမယ်။
နံပါတ်သုံး ကထာ (သို့မဟုတ်) စကား (၁၀) မျိုး သူများဆီက ကြားဖို့လိုမယ်။
ဆွေးနွေးပြောကြားဖို့အတွက် စကားဆိုတာ အင်မတန်မှ ထိရောက်ပါတယ်။
ဒီစကားတွေကိုသာ နားထောင်ရင် မရင့်ကျက်သေးတဲ့စိတ်က ရင့်ကျက်လာမယ်၊
မလွတ်မြောက်သေးတဲ့ စိတ်က လွတ်မြောက်လာမယ်။
ဘာစကားတွေ နားထောင်ရမလဲဆိုတော့...
၁။ အပ္ပိစ္ဆ ကထာ - လောဘဆိုတာ မထားရဘူးဆိုတဲ့ စကားမျိုးတွေ များများနားထောင်ရမယ်။
၂။ သန္တောကထာ - ရှိတာလေးနဲ့ ရောင့်ရဲရမယ်ဆိုတဲ့ စကားမျိုးတွေ များများနားထောင်ရမယ်။
၃။ အသံသဂ္ဂကထာ - ကိလေသာတွေနဲ့  စိတ်နဲ့ မရောနှောရဘူး။
တွယ်တာငြိကပ်မှုတွေနဲ ကင်းကွာလွတ်လပ်အောင်နေရမယ်ဆိုတဲ့
နေနည်းတွေနဲ ပြောပြတဲ့ စကားတွေကို များများ နားထောင်ရမယ်။
ဒီစကားတွေဟာ သိပ်ပြီးတော့ အရေးကြီးတယ်။ မကောင်းတဲ့ဘက်ကို ဖယ်ရှားပြီး၊
ကောင်းတဲ့ဘက်ကို ကျင့်ကြံပွားများဖို့စိတ်ကို မွေးမြူရမယ်။
အဲဒါတွေကိုမွေးဖို့ တိုက်တွန်းတဲ့စကားတွေကို များများနားထောင်ပေးရမယ်။
ဟုတ်ပါတယ်။ စကားဆိုတာ အင်မတန်မှ တန်ဖိုးရှိပါတယ်။
တရားနာလိုက်လို့ဆိုရင် တရားနာလိုက်လို့ ရတဲ့အသိလေးက ကိုယ့်ကို အများကြီးပြောင်းလဲသွားစေတယ်။
ဒီစကားတွေဆိုတာလဲ မိတ်ကောင်းဆွေကောင်းဆီသွားမှ ဒီလိုစကားမျိုးကြားရမှာ။
ဒီပြင်လူဆီသွားလို့ ဒီစကားမျိုးကြားရမှာမဟုတ်ဘူး။
ကုန်သည်ပွဲစားဆီသွားရင် အရောင်းအ၀ယ်ကိစ္စပဲကြားမယ်။
သူခိုး ဓားပြ ဆီသွားရင် တိုက်မယ် ခိုက်မယ်ဆိုတဲ့ စကားပဲကြားရမယ်။
သူတော်ကောင်းနဲ့ပေါင်းတဲ့အခါမှ ဒီစကားမျိုး ကြားရမှာပါ။
၎။ သီလ ကထာ - ကိုယ်ကျင့်တရားနဲ ပတ်သက်တဲ့ စကားတွေ များများနားထောင်ရမယ်၊
များများပြောပေးရမယ်။
၅။ ပရိဝေက ကထာ - တိတ်ဆိတ် ငြိမ်သက်မှုနှင့် စပ်လျဉ်းသည့် စကားများများနားထောင်ပေးရမယ်။
လွတ်လွတ်လပ်လပ် ကိုယ်လွတ်စိတ်လွတ် တရားပေါ်မှာသာ စိတ်ညွတ်ပြီးတော့နေတဲ့
အနေအထားမျိုးကိုရှင်းလင်းပြောကြားတဲ့ စကားတွေကိုသာ နားထောင်ရမယ်။
၆။ သမာဓိ ကထာ - စိတ်ဓာတ်တည်ငြိမ်မှုနဲ့ ပတ်သက်တဲ့ စကားတွေများများနားထောင်ရမယ်၊
များများပြောပေးရမယ်။
၇။ ပညာ ကထာ - ပညာနဲ ပတ်သက်တဲ့စကား။
၈။ ၀ိမုတ္တိ ကထာ - စိတ်ရဲ့ လွတ်မြောက်မှုနဲ့ ပတ်သက်တဲ့ စကား။
၉။ ၀ိမုတ္တိ ညာနဒဿန ကထာ - လွတ်မြောက်ပြီး ရတဲ့ အသိဥာဏ်နဲ့ ပတ်သက်တဲ့ စကား။
၁၀။ နောက်တစ်ခုက ကြိုးပမ်းအားထုတ်မှုလိုအပ်တဲ့ ၀ီိရိယနဲ့ ပတ်သက်တဲ့စကားတွေ များများနားထောင်ရမယ်။ များများပြောပေးရမယ်။
အဲဒါကို ကထာ (၁၀) မျိုးလို့ခေါ်တယ်။ အဲဒီစကား (၁၀)မျိုးကိုသာ ကြားနေရရင် မရင့်ကျက်သေးတဲ့စိတ်တွေ ရင့်ကျက်စေတယ်။

Monday, August 6, 2012
ပုဗ္ဗါရုံတောရ အရှင်ဆေကိန္ဒာရာမ ကျောင်းတိုက်ရှိ ဆွမ်းခံကြွရန်ပြင်ဆင်နေသော သံဃာတော်များနှင့် ကိုရင်လေးများ
Wednesday, July 25, 2012
Monday, July 23, 2012
ဒေါက်တာ အရှင်ဆေကိန္ဒ၏ (၃) ရက်တရားစခန်းအတွက် ဓာတ်ပုံမှတ်တမ်း
ပုဗ္ဗါရုံတောရ ဆေကိန္ဒာရာမကျောင်းတိုက်သည် ပြင်စာဒေသ ပြင်ဦးလွင်မြို့နယ် မြေပုံကျေးရွာတွင် တည်ရှိပါသည်။ ဆေကိန္ဒာရာမကျောင်းတိုက်တွင် ရဟန်းသံဃာတော် (၅)ပါးနှင့် ကိုရင်ငယ်လေး (၁၂)ပါးတို့ သတင်းသုံးနေထိုင်လျက်ရှိပါသည်။ စတုထ္ထအကြိမ် တရားစခန်းကို ၁၃.၇.၂၀၁၂ မှ ၁၅.၇.၂၀၁၂ အထိ နှစ်ညအိပ် သုံးရက် တရားစခန်းအဖြစ် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဆေကိန္ဒာရာမကျောင်းတိုက်ကြီးအတွင်းတွင် ခေတ်မီလှပသော နှစ်ထပ်ဆွမ်းစားဆောင်ကြီးလည်းရှိပါသည်။
သေသပ်လှပသော မန်းရွှေလီ သိမ်ကျောင်းတိုက်ကြီးလည်း ရှိပါသည်။ ဆရာတော် သတင်းသုံးသော ပီတိသုခကျောင်းဆောင် နှင့် သံဃာတော်များ သတင်းသုံးနေထိုင်သော ကျောင်းဆောင်များစွာလည်း ရှိပါသည်။ ကျယ်ဝင်းလှသော နှစ်ထပ်ကျောင်း ဓမ္မာရုံကြီးလည်း ရှိပါသည်။ ထို့အပြင် အမျိုးသမီးယောဂီ (၁၅၀) ကျော်တို့ နေထိုင်နိုင်သော ကျောင်းဆောင် (၂) ဆောင် ရှိပါသည်။ ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒ ၏ (၃) ရက်တရားစခန်းအတွက် ဓာတ်ပုံမှတ်တမ်းများအား သာသနာဒါယကာ ဒါယိကာမများအတွက် ဓမ္မဒါနအဖြစ် ကုသိုလ်ပြုအပ်ပါသည်။

ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ၏ (၃) ရက်တရားစခန်းအတွက် ဓာတ်ပုံမှတ်တမ်းများအား သာသနာဒါယကာ ဒါယိကာမများအတွက် ဓမ္မဒါနအဖြစ် ကုသိုလ်ပြုအပ်ပါသည်။
လာရောက်လည်ပတ်သွားတဲ့အတွက် အထူးကျေးဇူးတင်ရှိပါသည်။
ရိုသေစွာဖြင့်
လွင်ပြင် (23.7.2012)
Subscribe to:
Posts (Atom)