မူလစာမျက်နှာ

Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

Wednesday, July 23, 2014

ပဋိစ္စသမုပ္ပါဒ်နှင့် ၀ိပဿနာ

"လောကကြီးဟာ တယ်ပြီး ဒုက္ခရောက်နေပါလား" ၊ ဘာဖြစ်လို့တုန်းဆိုရင် (ကိုယ့်ကိုကိုယ်လည်း စဉ်းစားပေါ့လေ)
"အိုရတယ်၊ နာရတယ်၊ သေရတယ်၊ သေပြီးလျှင် ပြန်မွေးရအုန်းမယ်၊ မွေးပြီးရင် ပြန်သေရအုန်းမယ်၊
 မွေးလိုက် သေလိုက်၊ စုန်ချီဆန်ချီ သံသရာထဲမှာ လည်နေရတာ"
ရပ်လို့မရတဲ့ ပြဿနာတခုလိုဘဲ ဖြစ်နေတယ်။

အိုခြင်း၊ နာခြင်း၊ သေခြင်းလို့ဆိုတာ လူတွေရဲ့ မဖြေရှင်းနိုင်တဲ့ ပြဿနာ၊
လူမှုရေးပြဿနာတို့၊ နိုင်ငံရေးပြဿနာတို့၊ မိသားစု ပြဿနာတို့၊
ဒါကို ပြဿနာလို့ထင်တယ်။ အိုတာ နာတာကို ပြဿနာလို့ မယူဆကြဘူး။
လူ့သဘာဝလို့ ယူဆကြတယ်.။
အဲဒါကြောင့် ပြဿနာလို့ မယူဆကြလို့ ဘယ်တော့မှ အဖြေရှာကြမှာ မဟုတ်ဘူး၊
ပြဿနာလို့ ယူဆမှသာ အဖြေရှာကြမှာ ဖြစ်တယ်..။

ဘုရားလောင်းတွေကျတော့ အိုတာ၊ နာတာ၊ သေတာကို ပြဿနာလို့ ယူဆကြတယ်၊ problem ပေါ့၊
ဘုရားလောင်းတွေက စဉ်းစားကြတယ်၊ ပြန်ပြီးတော့ မွေးရအုံးမယ်၊
ဒီ အိုရ၊ နာရ၊ သေရတာတွေဟာ ဘာကြောင့် ဖြစ်နေရတာလည်းဆိုတာ အဖြေထုတ်ကြည့်တော့
မွေးဖွားခြင်းဆိုတဲ့ ဇာတိရှိလို့ ဖြစ်နေရပါလားလို့၊ ဒါဖြင့် မွေးဖွားခြင်းဆိုတဲ့ ဇာတိ ဘာဖြစ်လို့ လာတုန်းဆိုတော့၊
ဘ၀ရှိနေလို့ပါလား၊ ဘာဖြစ်လို့ ဘ၀ကရှိရပြန်တာတုန်းဆိုတော့ ဥပါဒါန်ဆိုတဲ့ အစွဲအလန်း ရှိနေလို့ဘဲ၊
အဲဥပါဒါန်က ဘာဖြစ်လို့ ရှိရပြန်တာတုန်းဆိုတော့ တဏှာဆိုတဲ့ လိုချင်မှုရှိနေလို့ဘဲ၊
တဏှာဆိုတာက ဘာဖြစ်လို့ရှိနေတာတုန်းဆိုရင် ခံစားမှုဆိုတဲ့ ဝေဒနာရှိနေလို့ဘဲ။
စိတ်ရဲ့ ခံစားမှုဝေဒနာ ဘာဖြစ်လို့ရှိရတုန်းဆိုရင် အာရုံနဲ့ ဆုံမိတဲ့ ဖဿရှိနေလို့ဘဲ၊
ဒါဖြင့်လျှင် အာရုံနဲ့ဆုံမိတဲ့ ဖဿက ဘာဖြစ်လို့ရှိရတုန်းဆိုရင်
မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဆိုတဲ့ အာယတန (၆)ပါး ရှိနေလို့ဘဲ။
ဒါဖြင့် အာယတနာတွေ ဘာဖြစ်လို့ ရှိနေရတာလည်းလို့ဆိုရင် နာမ်တွေ ရုပ်တွေ ရှိနေလို့ဘဲ၊
နာမ်ရုပ်က ဘာဖြစ်လို့ ရှိရပြန်တာလည်းဆိုရင် ၀ိညာဏ်ရှိနေလို့ဘဲ၊
ဝိညာဏ်က ဘာဖြစ်လို့ ရှိရတုံးဆိုရင် သင်္ခါရဆိုတဲ့ ကံတရားရှိနေလို့ဘဲ၊
ဒါဖြင့် ဒီသင်္ခါရက ဘာဖြစ်လို့ရှိရတုန်းဆိုရင် အ၀ိဇ္ဇာကြောင့်ဘဲ ဆိုပြီး အဆုံးကနေ အစထိအောင် သွားတယ်။

ဘုရားလောင်းတွေဟာ နောက်ကြောင်းပြန်ပြီး အကြောင်းအရာတွေကို ရှာရှာပြီး ဆင်ခြင်စဉ်းစားသွားတာ၊
အကြောင်းအရာကို ရှာတွေ့တယ်၊ မှန်ကန်တဲ့အကြောင်းအရာတွေကို ရှာတွေ့နိုင်တယ်ပေါ့၊
သစ္စာတရားဆိုတာလည်း အကြောင်းနဲ့ အကျိုးပဲ ရှာတာဘဲ၊ ပဋိစ္စသမုပ္ပါဒ်လည်း အကြောင်းနဲ့အကျိုးရှာတာဘဲ၊
ဒါကြောင့် သစ္စာနဲ့ ပဋိစ္စသမုပ္ပါဒ်ဟာ အကျဉ်းနှင့် အကျယ်ပဲကွာတယ်ပေါ့။

ဆရာတော်ကြီး၏ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်တို့အား ရိုသေစွာဖြင့် ရှိခိုးပူဇော်ပါ၏  _/\_/\_/\_....

ဆရာတော်ကြီး အရှင်နန္ဒာမာလာဘိဝံသ၏ "ပဋိစ္စသမုပ္ပါဒ်နှင့် ၀ိပဿနာ" စာအုပ်မှ
ကောက်နုတ်စာစီ၍တရားအလှူပြုအပ်ပါသည်..။ (page 23 to 29)
ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည်။။။
မိုးတိမ်လွင်ပြင် (ပခုက္ကူ)

အလေးထား၍ စဉ်းစားဆင်ခြင်ကောင်းအောင်ပြင် (အပိုင်း ၁)

လောကလူတွေမှာ အရေးကြီးဆုံးက ကောင်းအောင်ပြင်ဖို့ အရေးကြီးဆုံးပဲ။
မြတ်စွာဘုရားသာသနာတော်နဲ့ ကြုံတွေ့တဲ့အချိန်မှာမှ မိမိကိုယ်ကို ကောင်းအောင် မပြင်လိုက်နိုင်ဘူးဆိုရင်
နောင် ကောင်းအောင်ပြင်ဖို့ဆိုတာ တော်တော်ခဲယဉ်းသွားလိမ့်မယ်။
လောကမှာ ရုပ်ကိုပြုပြင်ကြတာတော့ ခေတ်ကာကမရွေး၊ ဒေသမရွေး ပြုပြင်နေကြတာပဲ။
လူတွေက မိမိရဲ့ ရုပ်ခန္ဓာ ကိုယ် မလှ, လှအောင်၊ မ၀, ၀အောင်ဆိုတာ နေ့စဉ်နဲ့အမျှ ပြင်နေကြတာ။
မိမိတို့ကိုယ်တိုင်ပြင်တာ အားမရလို့ ပြုပြင်တဲ့ဌာနတွေ ဗျူတီပါလာတို့ ဘာတို့သွားပြီး ပြင်နေကြတာပဲနော်။

ဒီတော့ လောကမှ လူတွေဟာ ဘာတွေလုပ်နေသလဲလို့ စဉ်းစားကြည့်ရင် ပြင်နေကြတာပဲ။
အများစုက ဘာတွေပြင်နေတာတုန်းလို့ မေးကြည့်လိုက်ရင် ကိုယ်ခန္ဓာကိုယ်ကြီးကောင်းအောင် ပြင်နေကြတာပဲ မဟုတ်လား။
Physical Body လို့ခေါ်တဲ့ အပြင်ပန်း ရုပ်ခန္ဓာကိုယ်ကြီး လှဖို့အတွက် လူတိုင်း ကြိုးစားနေကြတယ်။
သပ်ရပ်သန့်ရှင်းမှုဆိုတဲ့ အနေအထားထက် ကျော်လွန်ပြီးတော့ လှဖို့ပဖို့ဆိုတဲ့ အဆင့်ထိ ရောက်လာတယ်။

လူဆိုတာ သန့်သန့်ရှင်းရှင်း၊ သန့်သန့်ပြန့်ပြန့် ဒီလိုတော့ နေရမှာပေါ့။
အလှပြင်တာနဲ့ သန့်ရှင်းအောင်နေတာ မတူဘူး။
သန့်ရှင်းအောင်နေတယ်ဆိုတာ ကိုယ့်ခန္ဓာကို အညစ်အကြေးတွေ မကပ်ရုံ၊ သင့်တော်ရုံ သန့်ရှင်းပြီးတော့နေတာ၊
ဒါ အလှပြင်တာမဟုတ်ဘူး။ သန့်ရှင်းအောင်နေတာ။
လူတိုင်းလူတိုင်း ခန္ဓာကိုယ်သန့်ရှင်းအောင်ကတော့ နေသင့်တယ်ပေါ့။

သန့်ရှင်းမှုက ကျန်းမာရေးအတွက်လည်းပဲ အထောက်အကူပြုတယ်၊ အသိဉာဏ်ဖွံ့ဖြိုးဖို့အတွက်လည်းပဲ အထောက်အကူပြုတယ်။
ရုပ်ခန္ဓာကြီးက ညစ်ပတ်နေမယ်၊ ကိုယ်ဝတ်တဲ့ အ၀တ်အစားတွေက ညစ်ပတ်နေမယ်၊ ကိုယ်နေတဲ့အိမ်ဂေဟာက ညစ်ပတ်နေမယ်၊
အစစအရာရာ ညစ်ပတ်နေမယ် ဆိုလို့ရှိရင် လူက ရောဂါလည်းရနိုင်တယ်၊ စိတ်ကြည်လင်မှုကိုလည်း မဖြစ်စေနိုင်ဘူး။
စိတ်စွမ်းအားတွေပါ ကျသွားတက်တယ်။

ဒါကြောင့်မို့ ပညာရပ် တိုးတက်ဖို့ဆိုတဲ့အထဲမယ် သန့်သန့်ရှင်းရှင်းနေတက်ဖို့ဟာ အကြောင်းတစ်ခုပဲ။
ကမ္မဋ္ဌာန်းအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ ဒါကို သတိထားရမယ်။
ကမ္မဋ္ဌာန်းအားထုတ်ရင် ညစ်တီးညစ်ပတ်တော့ သွားအားမထုတ်လေနဲ့၊
ဘာဖြစ်လို့ ညစ်တီးညစ်ပတ် အားမထုတ်လေနဲ့လို့ ပြောတုန်းဆိုရင်
မည်းညစ်နေတဲ့ မီးစာ၊ မည်းညစ်နေတဲ့ဆီတို့မှာ ထွန်းထားတဲ့
မီးဟာ မတောက်ပဘူး၊ သန့်သန့်ပြန့်ပြန့်ဆိုရင် ပိုပြီးတော့ တောက်ပတယ်။
လူမှာလည်းပဲ ထို့အတူပဲ၊ ခန္ဓာကိုယ်သန့်ရှင်းရေး အားနည်းနေတယ်၊
သန့်ရှင်းမှုမရှိဘူး ဆိုလို့ရှိရင် လူ့ရဲ့စိတ်ဟာ မကြည်လင်လို့ အသိအသိဉာဏ်လည်း မတောက်ပဘူးလို့ ဒီလိုပြောတာ၊
ရုပ်ခန္ဓာကိုယ်နဲ့ နာမ်တရားဆိုတာ ဆပ်စပ်နေတာမို့ သန့်ရှင်းမှုတော့ လုပ်ရမယ်။

မြတ်စွာဘုရား ကိုယ်တိုင်ကိုက ခန္ဓာကိုယ်ကို သန့်ရှင်းအောင် လုပ်ရမယ်လို့
ဟောတဲ့နေရာ အင်မတန်မှနည်းတယ်၊ မရှိသလောက်ပဲ။
"သစိတ္တ ပရိယောဒပနံ" ကိုယ့်စိတ်လေးကို ကိုယ်ဖြူစင်အောင် လုပ်ပါလို့ပဲဟောတယ်၊ စိတ်ဖြူစင်မှုက အဓိကကျတယ်၊
ဒါကြောင့် စိတ်ဖြူစင်မှုကို အရေးပးပြီးတော့ လုပ်ရမှာဖြစ်တယ်။

စိတ်ဖြူစင်အောင်လုပ်တယ် ဆိုတဲ့နေရာမှာ ဘာတွေက မဖြူစင်တာလဲ? ဘယ်အရာတွေ ကိုယ့်စိတ်ထဲရှိနေရင် မဖြူစင်တာလဲ?
ဘယ်အရာတွေဖြစ်မှ ဖြူစင်တာလဲ? ဆိုတာလည်း သိဖို့လိုတယ်။
ပြင်ပဗဟိဒ္ဓမှာ ကိုယ့်အ၀တ် ညစ်ပေနေလို့ရှိရင် သိတယ်၊
ဒါက အ၀တ် ညစ်ပေစေတက်တယ်။ ဖုန်တွေ အရောင်မကောင်းတဲ့ အညစ်အကြေးတွေပေါ့။
အဲဒါတွေကို စင်ကြယ်အောင် စင်ကြယ်စေတက်တဲ့ ဆပ်ပြာတို့ ရေတို့နဲ့ရောပြီးတော့ လျှော်ကြ၊ စင်ကြယ်အောင်လုပ်ကြ၊ ဖြူစင်အောင် ကြိုးစားကြတယ်။
သို့သော် ကိုယ့်စိတ်လေးညစ်ထေးနေတာကျတော့ စင်ကြယ်အောင်လုပ်ဖို့ အများက သတိမရဘူး၊
လွှတ်ထားကြတယ်။ လူ့သဘာဝလို့လည်း တွက်တယ်။
"လူဆိုတာ လှတာမြင်ရင် သဘောကျမယ်၊ မလှတာမြင်ရင် စိတ်ထဲမှာ မခံချိ မခံသာဖြစ်မယ်၊
ဒါ လူ့သဘာဝပဲ" ဆိုပြီးတော့ လွှတ်ထားကြတယ်၊
စိတ်ရဲ့ အညစ်အကြေးမှန်း မသိကြဘူး၊ အညစ်အကြေးလို့ အသိအမှတ်မပြုကြဘူး။
အဲဒီလို မသိသေးသမျှ ကာလပတ်လုံး စိတ်ဖြူစင်အောင်စိတ်အလှပြင်ဖို့ဆိုတာကို ဘယ်သူမှ လုပ်မှာမဟုတ်ဘူး။။။

သန့်ရှင်းမှုထက် ကျော်လွန်ပြီးတော့ အလှပြင်တာမျိုးကျတော့ တစ်ဖက်စွန်းရောက်သွားပြီ။
မလှ, လှအောင် မရှိတာကို အရှိလုပ်တာပေါ့နော်။
အခုခေတ်မှာ မရှိတာကို အရှိလုပ်တာ တော်တော်များတယ်။
ကိုယ့်မှာ အမေမွေးတုန်းက ဆံပင်ကလေးက အနက်ရောင်ကလေးရှိတာ၊
အဲဒါ ရွှေဝါရောင်ရှိချင်တယ်။ အခြားအညိုရောင်ရှိချင်တယ်၊ ရောင်စုံရှိချင်တယ်ပေါ့လေ။
ဒီလို မရှိတာကို ရှိချင်လို့ ရှိအောင်လုပ်လာတဲ့အခါကျတော့ ပြဿနာကို ဖိတ်ခေါ်သလိုဖြစ်တယ်။
ဆံပင်ကို ဆေးဆိုးတာတွေဟာ အန္တရာယ်ရှိမရှိ ဆရာဝန်တွေကို မေးကြည့်တဲ့အခါကျတော့ အန္တရယ်ရှိတယ်တဲ့။
ဒီဆေး chemical တွေဆိုတာ ချက်ချင်းတော့ ဒုက္ခမပေးဘူးပေါ့၊ သဘာဝမဟုတ်ဘဲနဲ့ ကျော်လွန်းပြီးတော့
လုပ်ထားတဲ့ဆေးတွေမှာပါတဲ့ chemical နဲ့ ဖြစ်ပေါ်စေတဲ့အရောင်တွေ အဲဒါတွေက လူ့ရဲ့ဆံပင်ကို ဆိုးရင်းကနေပြီး
ဦးရေတွေဘာတွေထိအောင်ထိလာတယ်။ ထိတဲ့အခါကျတော့ ဒါတွေဟာ အန္တရာယ်ရှိတယ်လို့ ဒီလိုပြောတာ၊
ဘယ်အရာပဲဖြစ်ဖြစ် အလေးမနက်ထားဆင်ခြင်စဉ်းစားဖို့ရာ လိုအပ်တယ်ပေါ့။

လောကလူတွေ ပြင်ဆင်နေကြတာ ဘာတွေကို ပြင်ဆင်တုန်းဆို ကိုယ့်ခန္ဓာကိုယ်ကိုလှဖို့ပဖို့ ပြင်ကြတယ်။
သို့သော် မပြင်ဘဲနေတာ ဘာလဲလို့ဆိုရင် အကျင့်စရိုက်တွေ မပြင်ဘူး။
စိတ်နေသဘောထားတွေ မပြင်ဘူးတဲ့။ စိတ်တိုတက်တဲ့ လူက
"ငါ စိတ်တိုတက်တယ်နော်" ဆိုပြီး ဂုဏ်တောင်ယူနေသေးတယ်။
"ငါ့ လာမစမ်းနဲ့၊ ငါ့စိတ်ကမရဘူး" လို့ပြောတယ်။ ဒါပေမယ့် ပြင်ဖို့ စိတ်မ၀င်စားဘူး။
လောဘကြီးတဲ့သူကလည်း ပြင်ဖို့စိတ်မ၀င်စားဘူး၊ ဒေါသကြီးတဲ့သူကလည်း ပြင်ဖို့စိတ်မ၀င်စားဘူး။
ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်လေ့လာကြည့်ပြီး ကိုယ်ဘာတွေ ၀ါသနာပါတယ်ဆိုတာ ပြင်ဖို့စိတ်မ၀င်စားဘူး။
တစ်ခါတုန်းက ပြောသံကြားဖူးတယ်၊ အသက်အရွယ်ကြီးတဲ့ အဘိုးကြီးတွေ အဘွားကြီးတွေ မြေးသံယောဇဉ်တော့ ဖြတ်နိုင်ပါတယ်၊
ကိုရီးယားဇာတ်ကားလေးတော့ ကြည့်ပါ့ရစေဦးဆိုတာ - အပြင်နိုင်တာလေးတွေ ရှိတယ်လို့ ဒီလိုဆိုလိုတာပေါ့နော်။
အဲဒီလိုကိုယ့်စိတ်ကို မပြင်နိုင်ကြဘူး။ လူတွေဟာ စိတ်မပြင်နိုင်လို့ သံသရာထဲမှာ တ၀ဲလည်လည် ဖြစ်နေတာလေ။

ဘာတွေဟာ စိတ်တွေရဲ့ အညစ်အကြေးတွေလဲ၊ Impurity တွေလဲ၊
အဲဒါတွေကို ဘယ်လိုစင်ကြယ်အောင် လုပ်ရမလဲ? ဆိုတာ သိတဲ့ပုဂ္ဂိုလ်တွေကျတော့ ရခိုင်နှုန်းပိုနည်းသွားပြီ။
ဒါကြောင့်မို့ မြတ်စွာဘုရားသာသနာတော်နဲ့ တွေ့ကြုံလာတဲ့ အခိုက်ကလေးမှာ စိတ်ရဲ့အညစ်အကြေးဆိုတာ ဘာတွေလဲ၊
စိတ်မဖြူစင်ဘူးဆိုတာ ဘာလဲ၊ စိတ်ကို မဖြူစင်စေတဲ့ စိတ်ရဲ့အညစ်အကြေးတွေကို ဘယ်လိုသန့်ရှင်းရေးလုပ်ရမလဲ ဆိုတာတွေ
သိရှိနားလည်ဖို့လိုတယ်။ အခုလို တရားပွဲကြီးတွေ ကျင်းပတာ ဒါတွေသိအောင်လုပ်တာနော်။
တကယ်ကတော့ ကိုယ့်ဘ၀မှာ မကောင်းတဲ့အရာတွေကို ဖယ်ရှားလို့ ကောင်းတဲ့အရာတွေကို လက်ခံကြိုးစားဖို့၊
ကောင်းအောင်ပြင်တက်ဖို့အတွက် ပညာယူနေတဲ့ သဘောပဲ။

"အလေးထား၍ စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်" မိမိကိုယ်ကို မိမိ အလေးစား၍၊ မိမိရဲ့ ပတ်ဝန်းကျင် လောကကြီးကို
အလေးထား၍၊ မြတ်စွာဘုရား ဟောကြားတဲ့ အမှန်တရားတွေကို အလေးထား၍ အလေးအနက် ဆင်ခြင်စဉ်းစားပြီးတော့
ကိုယ့်ကိုယ်ကို ကောင်းအောင်ပြင်တယ်၊ ကောင်းအောင်ပြင်တယ် ဆိုတာ မကောင်းတဲ့ စရိုက်တွေ ကောင်းလာအောင်၊
အကုသိုလ်တွေ ဖယ်နိုင်အောင် ကြိုးစားတယ်၊ ကုသိုလ်တွေကို တိုးပွားလာအောင် ကြိုးစားတယ်၊ အကုသိုလ်မှန်မျှရှောင်လို့၊
ကုသိုလ်မှန်သမျှ မိမိသန္တာန်မှာ ပြည့်စုံစေအောင်၊ စိတ်ဖြူစင်အောင် ထားနိုင်အောင် ကြိုးစားအားထုတ်ကြတယ်။
အဲဒီလို အားထုတ်ခြင်းသည်သာလျှင် မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်၊ ဒီလိုလုပ်မှသာလျှင် "လူ့ဘ၀တစ်ခု ရလာရကျိုး၊ ဘုရားသာသနာတော်နဲ့ ကြုံတွေ့ရကျိုး၊ တို့တစ်တွေ လူဖြစ်ရကျိုးနပ်မှာ" လို့ ကိုယ်စီကိုယ်စီ သဘောကျပြီးတော့ ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေသတည်။
(သာဓု..သာဓု..သာဓု ပါ အရှင်မြတ်ဘုရား....။)

ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ၏ "အလေးထား၍ စဉ်းစားဆင်ခြင်ကောင်းအောင်ပြင်"
တရားစာအုပ်မှ ကောက်နုတ်၍ ဓမ္မဒါနပြုအပ်ပါသည်.။
၂၀၁၄ ခုနှစ် မင်္ဂလာနှစ်သစ်မှာ ကုသိုလ်ကောင်းမှု့တို့ဖြင့် ပြည့်စုံနိုင်ကြပါစေရှင်...။
မိုးတိမ်လွင်ပြင် (Pakokku)

Thursday, October 3, 2013

တဏှာရဲ့ ကျွန်

လူတွေက ကိုယ့်ကိုယ်ကို လွတ်လပ်တယ်လို့ ထင်တာ။ ဒါပေမဲ့ မလွတ်လပ်ဘူး၊
ခိုင်းရာနေ စေရာသွားနေကြရတာ။ ဘယ်သူက ခိုင်းတုန်း၊ တဏှာက ခိုင်းနေတာ၊
တဏှာစေရာ သွားနေကြရတာ၊ လိုချင်မှု လောဘ ဆိုတဲ့ တဏှာက ခိုင်းတာကို လုပ်နေကြတာ၊
ဒါကြောင့်မို့ လူတွေက ကိုယ့်ကိုယ်ကို လွတ်လပ်တယ် independent လို့ ပြောနေကြပေမယ့်
တကယ်တော့ မလွတ်လပ်ဘူး၊ တဏှာက အုပ်စိုးနေတာ၊ ဟုတ်ရဲ့လား၊
တဏှာရဲ့ အုပ်ချုပ်မှုကို ခံနေကြရတာဖြစ်တယ်။

လောကမှာ လူတွေက ပြောကြသေးတယ်နော်၊ အဖော်မရှိဘူး၊ တစ်ယောက်တည်း နေတာတဲ့။
တစ်ယောက်တည်းနေတယ် ထင်ပေမယ့် ဘယ်ဟုတ်မတုန်း၊ တကယ်တော့ အဖော်နဲ့နေတာပဲ။
ဘာ အဖော်လဲ၊ တဏှာ အဖော်လေ၊ တဏှာက သူ့အဖော်ပဲ၊ အတွေးလေးနဲ့ကျေနပ်လို့ ဆိုတာ
တဏှာနဲ့နေတာ။ တဏှာအဖော်နဲ့နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဘယ်တော့မှ အဖော်မဲ့ မဟုတ်ဘူး။
အဲဒီရှိနေတဲ့ အဖော်က သူ့ကို အုပ်ချုပ်နေတာ။ တဏှာတစ်ယောက်ဟာ ဘယ်တော့မှ အဖော်မဲ့ မဟုတ်ဘူး။
အဲဒီရှိနေတဲ့ အဖော်က သူ့ကို အုပ်ချုပ်နေတာ။ တဏှာက ခိုင်းတာ၊
မင်း တစ်ယောက်တည်းနေဆိုလို့ သူက တစ်ယောက်တည်း နေရတာပါ။

ဒါကြောင့်မို့ မြတ်စွာဘုရားက တဏှာဒါသော၊ "လောကော - လောကကြီးဟာ၊ တဏှာဒါသော - တဏှာရဲ့
ကျေးကျွန် ဖြစ်၍နေပါပေတော့၏" လို့ ဟောခဲ့တာဖြစ်တယ်။ တို့တစ်တွေ တဏှာရှိသေးသမျှ ကျွန်အဖြစ်က
မလွယ်သေးဘူး။ ဘယ်သူ့ရဲ့ကျွန်လဲ၊ တဏှာရဲ့ကျွန်ပေါ့။ ကျွန်မှ တဏှာကို သိမ်ပြီးရိုသေလေးစားရတာ၊
သူခိုင်းရင် မငြ်းရဲဘူး၊ မငြင်းနိုင်ဘူး၊ တဏှာရဲ့ ကျေးကျွန် ဖြစ်နေတာကိုး။

ကဲ ကိုယ့်ရဲ့ ဘ၀အသွင်ကို ဓမ္မအမြင်နဲ့ကြည့်မယ်ဆိုရင် ဘ၀ကြီးဟာ ကောင်းတယ် ဆိုးတယ်လို့
ပြောနေကြတာ မဟုတ်ဘူးနော်၊ လောကအမြင်မှာတော့ ဘ၀ဆိုတာ ပျော်စရာကြီးလို့ ထင်ကြတာ၊
တချို့ကလည်း ဘ၀ဆိုတာ ငြီးငွေ့စရာကြီးလို့ ပြောတယ်။

အခု ဓမ္မအမြင်နဲ့ ကြည့်လိုက်တော့ -
(၁)    ဘ၀ဆိုတာ မကောင်းတဲ့ဆီ တွန်းပို့တာ ခံနေရတာ၊ အခြေအနေက တည်ငြိမ်နေတာ မဟုတ်ဘူး။
(၂)    အဲဒီတွန်းပို့ခံနေရတဲ့ မတည်ငြိမ်တဲ့ ဘ၀ကြီးမှာ အကာအကွယ်မဲ့နေတယ်။
(၃)     ဘ၀ကြီးမှာ ပိုင်ဆိုင်တယ်ဆိုတာ တစ်ခုမှ မရှိဘူး၊ အားလုံးထားခဲ့ရမှာဖြစ်တယ်။
(၄)    ဘ၀ကြီးဟာ အမြဲတမ်း လိုပြီးတော့နေတယ်၊ ဘယ်တော့မှ ရောင့်ရဲတင်းတိမ်တယ်ဆိုတာ မရှိဘူး။
(၅)    တို့ဟာ တဏှာရဲ့ ကျွန် ဖြစ်နေကြတယ်။
ဟော ဘ၀နဲ့ပတ်သက်ပြီး ဒါတွေကို ဒီလိုမြင်မှ ဓမ္မနဲ့မြင်တယ်လို့ ပြောရမှာနော်။

ယခုလို ဘ၀ရဲ့အသွင်အပြင်ကို ဓမ္မအမြင်နဲ့ ကြည့်လိုက်တဲ့အခါမှာ....
ဘ၀မှာ သာယာစရာတွေ ရှိသလို.. အပြစ်တွေလည်းရှိတယ်။
ဘ၀ရဲ့ ထွက်ပေါက် exit ဆိုတာလည်းရှိတယ်။ အဲဒီ ထွက်ပေါက်ဆိုတာ ဘ၀ကို
ဖြစ်ပေါ်စေတဲ့၊ ဘ၀ကို တွယ်တာတဲ့ တဏှာကို ဖယ်ရှားပစ်တာဖြစ်တယ်။
တဏှာကို ဖယ်ရှားပစ်ဖို့က မဂ္ဂရှစ်ပါး အကျင့်တရားကို ကျင့်ရမှာပဲ ဖြစ်တယ်။
ဒီအကျင့် လမ်းကြောင်းအတိုင်း လျှောက်လမ်းမယ်ဆိုရင်တော့ ဘ၀နိရောဓ ဆိုတဲ့
ပန်းတိုင်ကို မျက်မှောက်ပြုနိုင်ကြမှာ ဖြစ်ပါတယ်။
တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့သည် ဘ၀အသွင်ကို ဓမ္မအမြင်ဖြင့်
ကြည့်ပြီးလျှင် "ဘ၀နိရောဓ" လို့ဆိုတဲ့ နိဗ္ဗာန်ချမ်းသာကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။
(သာဓု... သာဓု... သာဓု ပါ အရှင်ဘုရား......။)

ဆရာတော် ဒေါက်တာနန္ဒာမာလဘိဝံသ ၏
"ဘ၀အသွင်ကို ဓမ္မအမြင်ဖြင့် ရှုကြည့်ခြင်း" တရားတော်မှ ကောက်နုတ်ထားပါသည်။

သံသရာဝယ်၊ ဆွေချင်းကျေးဇူး၊ ရှိခဲ့ဘူး ကို၊
အထူးဆပ်ရန်၊ စိတ်အားသန်ဖြင့်၊
ကျင့်ရန်မှန်စွ၊ မြတ်ဓမ္မကို၊ ဝေငှပေ၏၊

ဓမ္မမိတ်ဆွေအပေါင်း ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းများစွာဖြင့် ပြည့်စုံနိုင်ပါစေရှင်..
မိုးတိမ်လွင်ပြင်(Pakokku)
3.10.2013

လိုနေတုန်းပဲ

ဘ၀နဲ့ပတ်သက်ပြီး ဟောဒီလို ဆင်ခြင်စဉ်းစားကြည့်လိုက်တော့ ဘာမှ တွယ်တာချင်စရာ မရှိဘူး၊
အားလုံးထားပြီးသွားရမယ်။ ကဲ ကောင်းပြီ၊ ထားသွားရမယ်ဆိုတော့ လူတွေရဲ့လိုချင်လောဘဟာ
ပြည့်သွားလားဆိုတော့ ပြည့်မသွားဘူး။

"ဦးနော လောကော"
လောကော - လောကကြီးဟာ၊ ဦးနော - အမြဲတမ်းလိုလျက်၊ ဟာလျက်သာ ရှိနေပါပေတော့၏။

ကားတစ်စီးရှိရင် နောက်တစ်စီးရှိဦးမှ၊ ဈေးဝယ်သွားတဲ့အခါ ဒါလေးနဲ့ အဆင်ပြေတယ်။
ဘုရားသွား ကျောင်းတက်စီးဖို့က ဒါလေးနဲ့မှ၊ နောက်တစ်စီးရှိဦးမှ၊ နောက်တစ်စီးဆိုတော့ လုံလောက်ပြီလား၊
ဟော မလုံလောက်သေးဘူး၊ နောက်တစ်စီးတော့ရှိထားဦးမှ၊ ဒါလေးက သားအတွက်၊ ဒါလေးက သမီးအတွက်၊
ဒီပြင် ခိုင်းတဲ့လူတွေအတွက်က တစ်စီး၊ တစ်စီးပြီး တစ်စီး ပြီးတယ်လို့ကို မရှိတော့ဘူး။

နေစရာ အိမ်ကရော ပြီးရဲ့လား၊ အိမ်လေးတစ်လုံးရှိရင် မပြီးသေးဘူး၊ နောက်တစ်လုံး ရချင်သေးတာ၊
ဟော ရန်ကုန်မှာ အိမ်တစ်လုံးဆိုရင် နွေရာသီနေဖို့ ပြင်ဦးလွင်မြို့မှာ အိမ်တစ်လုံး လိုဦးမှာပဲ။
ဟို သံတောင်ဘက်မှာ အိမ်တစ်လုံး၊ လိုဦးမှာပဲ၊ ဟော လေညှင်းခံဖို့ ငပလီမှာ တစ်လုံးလိုဦးမှာပဲ၊
ဘယ်တော့မှ မဆုံးဘူး။

ဒါ ရည်ရွယ်ပြီး မြတ်စွာဘုရားက "လောကော - လောကကြီးဟာ၊
ဦးနော - အမြဲတမ်းလိုလျက်၊ ဟာလျက်သာ ရှိနေပါပေတော့၏" လို့ ဟောတာဖြစ်တယ်။
ဘယ်သူမှ "အေး လုံလောက်ပြီ၊ ငါ မရှာတော့ဘူးလို့" ဆိုတာ မရှိဘူး။ ရှိတောင် အင်မတန်မှ ရှားတယ်။
ရမယ်ဆိုရင် ယူဦးမှာပဲ။ အတိတ္တော - တင်းတိမ်မှု contentment ဆိုတာ မရှိဘူး။

ဘယ်ဟာမှ ကျေနပ်ပြီးရောင့်ရဲသွားတယ်လို့ မရှိဘူး၊ အမြဲတမ်း လိုနေဦးမှာပဲ။ သိန်းတစ်ရာရှိတဲ့ လူကလည်း
လိုနေသေးတယ်၊ မလောက်သေးဘူး၊ သိန်းတစ်ထောင်ရှိမှ၊ သိန်းတစ်ထောင်လည်း နည်းသေးတယ်၊
မလောက်သေးဘူး၊ ရှာဦးမှာပဲ။ ကုမ္ပဏီလည်း တစ်ခုဖွင့်ရင် မရသေးဘူး၊ နောက် တစ်ခု ထပ်ဖွင့်ရမယ်။
လေယာဉ်ပျံတောင် တစ်စင်းပြီးရင် နှစ်စင်း၊ နှစ်စင်းပြီးရင် သုံးစင်း ရှိနေရဦးမှာပဲလေ။
အဲဒီလို အမြဲတမ်း  လိုနေမှာပဲ၊ ဒါ လူ့ရဲ့ သဘာဝကို ပြောတာ။

ဘုန်းကြီးတို့ ငယ်ငယ်တုန်းက စစ်ကိုင်းတောင်မှာ တရားဟော နာမည်ကြီးတဲ့ ၀ိဇ္ဇာဒယဆရာတော်ကြီး
ဆိုတာရှိတယ်၊ အဲဒီ ဆရာတော်ကြီး ဟောတဲ့ထဲမှာ လူတွဟာ မတင်းတိမ်နိုင်ဘူး၊
အမြဲတမ်း လိုနေတယ် ဆိုတာနဲ့ ပတ်သက်ပြီး လောဘရဲ့ အတော်မသတ်နိုင်ပုံကို
ဆရာတော်ကြီးက ပုံဝတ္ထုလေးတစ်ခုနဲ့ ဟောထားတာရှိတယ်။

တစ်ခါတုန်းက လက်ညှိုးထိုးမလွဲအောင် မြေတွေကို ချမ်းသာလှတဲ့ မြေပိုင်ရှင်သူဌေးကြီးတစ်ဦးက
သူ့ရဲ့ အလုပ်သမားတစ်ယောက်ကို "ကဲ မင်း ငါ့ရဲ့အလုပ်ကို ကြိုးကြိုးစားစားလုပ်တယ်၊
မင်းကို ငါပိုင်တဲ့မြေတွ ခွဲပေးမယ်၊ မင်းကြိုက်သလောက်ယူ၊ ဒီကနေ မင်းပြေး၊ မင်းတော်ချင်တဲ့
နေရာရောက်မှရပ်" လို့ ပြောတယ်၊ ဟုတ်ရဲ့လား၊
အဲဒီလူက သဘောကျတာပေါ့၊ မြေတွေ ဧကပေါင်းများစွာ သူ ရမှာကိုး။

သူဌေးကြီး ပြေားထားတဲ့အတိုင်း သူလိုချင်တဲ့မြေရဖို့ ပြေးလိုက်တာ၊ ပြေးရင်း သူနောက်ပြန်လှည့်ကြည့်တယ်၊
နည်းသေးတယ်ထင်လို့ ထပ်ပြေး၊ လှည့်ကြည့်လိုက် နည်းသေးတယ်ဆိုပြီး ပြေးလိုက်၊ ထပ်ပြေးရင်း ပြေးရင်းနဲ့
နောက်ဆုံးမှာ အမောဆို့ပြီး လဲကျသွားတယ်။ လဲကျသွားပြီးတော့ အဲဒီနားမှာပဲ သေဆုံးသွားပါလေရော။
သူဌေးကြီး စိတ်မကောင်းစွာ ခေါင်းလေးတညိတ်ညိတ်နဲ့ ဘာပြောတုန်းဆိုတော့
"ငါကတော့ မင်းလိုချင်သလောက် ပေးမလို့ပါပဲ။ မင်းကတော့ ၆ - ပေလောက်နဲ့ပဲ တန်တာကိုး" ဆိုပြီးတော့
၆ - ပေတွင်းလေး တူးပြီးတော့ မြှုပ်လိုက်သတဲ့။

အဲသလို လူ့လောဘဟာ ဘယ်လောက်ပဲရှိရှိ နောက်ဆုံးတော့ ၆ - ပေတွင်းထဲပဲ သွားမှာမဟုတ်လား။
မြေကြီးထဲမြုပ်ရင်ပေါ့လေ၊ အခုခေတ်တော့ မီးသင်္ဂြိုဟ်စက်ထဲ ထည့်လိုက်တာမျိုး ဖြစ်နေပြီပေါ့နော်။

ပြောမယ်ဆိုရင်တော့ သေတ္တာရှည်ကြီးထဲ ၀င်သွားရတာပေါ့။
တကယ်စဉ်းစားကြည့်ရင် ခုခေတ်မှာ နေတော့လည်းပဲ သေတ္တာအိမ်ကြီးတွေထဲမှာ နေကြတာ။
အိမ်ပေါ်က ဆင်းတော့လည်း သေတ္တာကြီးနဲပဲ ဆင်းသွားတာ၊
ဟိုရောက်တော့လည်း သေတ္တာကြီးထဲမှာ အိပ်ပြီးတော့ သေတ္တာကြီးနဲ့ပဲ မီးလောင်ခံရတာပဲလေ၊
သြော် ဘ၀ဆိုတာ ဒီလိုပါပဲ။

လူတွေမှာ ဆန္ဒပြည့်တယ်ဆိုတာ မရှိဘူးတဲ့။ ဒါကြောင့် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက-
"လောကော - လောကကြီးဟာ၊ ဦးနော - အမြဲတမ်းလိုလျက်၊ ဟာလျက်သာ ရှိနေပါပေတော့၏၊
အတိတ္တော - မည်သည့်အခါမှ ကျေနပ်ခြင်း ရောင့်ရဲတင်းတိမ်ခြင်း မရှိပါဘဲ၊
တဏှာ ဒေါသော - တဏှာရဲ့ ကျေးကျွန်သာ ဖြစ်ပါပေတော့၏။
ဣတိ - ဤသို့၊ ဘဂ၀ါ - ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊
အဝေါစ - ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေသတည်း။"
(သာဓု... သာဓု... သာဓု ပါ အရှင်ဘုရား။။။။။)

ဆရာတော် ဒေါက်တာနန္ဒာမာလဘိဝံသ ၏
"ဘ၀အသွင်ကို ဓမ္မအမြင်ဖြင့် ရှုကြည့်ခြင်း" တရားတော်မှ ကောက်နုတ်ထားပါသည်။

သံသရာဝယ်၊ ဆွေချင်းကျေးဇူး၊ ရှိခဲ့ဘူး ကို၊
အထူးဆပ်ရန်၊ စိတ်အားသန်ဖြင့်၊
ကျင့်ရန်မှန်စွ၊ မြတ်ဓမ္မကို၊ ဝေငှပေ၏၊

ဓမ္မမိတ်ဆွေအပေါင်း ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းများစွာဖြင့် ပြည့်စုံနိုင်ပါစေရှင်..
မိုးတိမ်လွင်ပြင်(Pakokku)
3.10.2013


ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ်ပါစေ


ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ်ပါစေ
*************************
ရေချမ်းသစ်သီး၊ ပန်းဆီမီးကို
ခိုင်ဖြီးသဒ္ဓါ၊ လှူပြီးကာမျှ
ငါ့မှာ ကောင်းကျိုး၊ အလွန်တိုးဟု
ယုံကိုးစိတ်ထဲ၊ မရာင့်ရဲနှင့်။
မစဲညနေ့၊ ဘုရားရှေ့တွင်
ပျော်မွေ့မြတ်နိုး၊ မြဲရှိခိုး၍
ကောင်းကျိုးပွားစည်၊ ကြီးလှပြီဟု
ယုံကြည်အားရ၊ စိတ်မချနှင့်။
ဓာရဏနှင့်၊ ဓမ္မစကြာ
မေတ္တာပဌာန်း၊ ရွတ်နိုင်စွမ်းကြောင့်
ရွှင်လန်းပီတိ၊ ဂွမ်းဆီထိကာ
ကြီးမည့်တေဇော်၊ မစောင့်မျှော်နှင့်။
ဂုဏ်တော်ပုတီး၊ သက်စေ့ပြီးအောင်
ဇွဲကြီးခိုင်မာ၊ ငြိမ်သက်စွာဖြင့်
သဒ္ဓါကြည်ယုံ၊ စိပ်ပြီးရုံဖြင့်
လုံလောက်လှပြီ၊ မရပ်တည်နှင့်။
ရေကြည်သစ်သီး၊ ဆီမီးလှူမျိုး
ရှိခိုးဝတ်ရွတ်၊ စေလွှတ်မေတ္တာ
တစ်ရာ့ရှစ်သီး၊ စိပ်ပုတီးကို
မငြီးဆင့်ကဲ၊ စိပ်မြဲစိပ်ပါ၊ မဖြတ်ပါနှင့်။
ဆက်ကာတစ်မျိုး၊ ရှေ့သို့တိုး၍
အကျိုးနိဗ္ဗာန်၊ မျှော်ရိုးမှန်က
ရုပ်နာမ်ခွဲခြား၊ ကျင့်တရားသာ၊ သံသရာဝဋ်
ထွက်လွတ်စေကြောင်း၊ လမ်းမှန်ကောင်းဟု
ညွတ်ပျောင်းစိတ်ထဲ၊ ယုံကြည်စွဲလျှက်
အမြဲနေ့ည၊ ကြိုးလုံ့လမှ
ဗုဒ္ဓခေတ်မြတ်၊ တွေ့ကျိုးနပ်မည်
ကြပ်ကြပ်သတိရှိပါစေ။ ။

အဓိပ္ပါယ်ရှင်းပြစရာမလိုပါဘူး၊ ဒါနတွေပြုနေရုံနဲ့ မကျေနပ်ပါနဲ့ဦး၊
ဘုရားရှိခိုးနေရုံနဲ့ မကျေနပ်ပါနဲ့ဦး၊ ပရိတ်ပဌာန်းတွေ ရွတ်နေရုံနဲ့ မကျေနပ်ပါနဲ့ဦး၊
ဂုဏ်တော်ပုတီးတွေ စိပ်နေရုံနဲ့ မကျေနပ်ပါနဲ့ဦး။
ဒါပေမဲ့ အဲဒါတွေကို ဖြတ်စရာမလိုပါဘူးတဲ့၊ လှူမြဲလှူပါ၊
သီလတွေလဲ ဆောက်တည်မြဲဆောက်တည်ပါ၊
ပရိတ်ပဌာန်းတွေလည်း ရွတ်မြဲရွတ်ပါ၊
ဂုဏ်တော်ပုတီးတွေလည်း စိပ်မြဲစိပ်ပါ၊ မဖြတ်လိုက်ပါနဲ့။

ဒါပေမယ့် အဲဒီလောက်နဲ့တော့ ရပ်မနေပါနဲ့ဦး၊
နိဗ္ဗာန်ကိုတကယ်လိုချင်တယ်ဆိုရင်တော့ ၀ိပဿနာအလုပ်ကိုလည်း ဆက်ပြီးတော့ အားထုတ်ပါဦးတဲ့၊ ၀ိပဿနာအလုပ်ကို တကယ်အားထုတ်မှ အားထုတ်တဲ့အတိုင်းလည်း မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်နဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါမှ မြတ်စွာဘုရားရဲ့ သာသနာတော်နဲ့ တွေ့ရကျိုးနပ်ပါလိမ့်မယ်တဲ့

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) ရေးသားတော်မူသော
"ရဟန်းဘာကြောင့်ပြုရတယ်" စာအုပ်မှ ထုတ်နှုတ်ဖော်ပြပါသည်။

သံသရာဝယ်၊ ဆွေချင်းကျေးဇူး၊ ရှိခဲ့ဘူး ကို၊
အထူးဆပ်ရန်၊ စိတ်အားသန်ဖြင့်၊
ကျင့်ရန်မှန်စွ၊ မြတ်ဓမ္မကို၊ ဝေငှပေ၏၊

ဓမ္မမိတ်ဆွေအပေါင်း ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းများစွာဖြင့် ပြည့်စုံနိုင်ပါစေရှင်..
မိုးတိမ်လွင်ပြင်(Pakokku)
3.10.2013
 

ကိုယ်ပိုင်ဥစ္စာ မရှိ

ကိုယ်ပိုင်ဥစ္စာ မရှိ
***************
လောကကြီးမှာ တချို့ပုဂ္ဂိုလ်တွေက အဆင်ပြေတယ်၊ တိုက်နဲ့ကားနဲ့၊
ကားမှ တကယ့် modern မြင့်တဲ့ကားနော်။
တိုက်ကလည်း အင်မတန်အဆင့်မြင့်တဲ့ လုံးချင်းအိမ်၊ သိန်းတစ်ထောင်လောက်တန်တဲ့ တိုက်ကြီးပေါ့။
ဒီတော့ ဒီလို ပစ္စည်းဥစ္စာတွေရှိကြတယ်။ ဘယ်ကုမ္ပဏီကြီးကိုပိုင်တယ်၊ ကားကြီးက ဘာကားကြီးစီးတာ၊
ချမ်းသာတဲ့ ပုဂ္ဂိုလ်တွေမှာ စာရင်းတွက်ထားလိုက်မယ်ဆိုရင် ပိုင်ဆိုင်တာတွေ နည်းမှာမဟုတ်ဘူး။
ဒါသူပိုင်တာပေါ့။

မြတ်စွာဘုရားက ဒါတွေကို ဓမ္မအမြင်နဲ့ကြည့်ရင် တစ်မျိုးမြင်ရမယ်တဲ့၊
"လောကော-လောကကြီးမှာ၊ အဿကော- ကိုယ်ပိုင်ဥစ္စာဆိုတာ မရှိပါ"
(ဟော ဓမ္မအမြင်နဲ့ ကြည့်မယ်ဆိုရင် ကိုယ်ပိုင်တဲ့အရာဆိုတာ မရှိဘူးတဲ့၊)
ဘာဖြစ်လို့လဲ၊ သဗ္ဗံ- ရှိသမျှပစ္စည်းဥစ္စာကို ပဟာယ ဂမနီယံ- ထားပြီးတော့ သွားရမှာဖြစ်တယ်။

ကိုယ်ပိုင်တယ်ဆိုလို့ ယူသွားလို့ရလား၊ မရဘူး၊ အားလုံး ထားခဲ့ရတာချည်းပဲ။ မထားခဲ့ဘဲနဲ့ ယူသွားလို့မရဘူး၊
ဘယ်လောက်ပိုင်ပိုင် ဟုတ်လား။ ဘာကြီးတွေပိုင်ပိုင်၊ ပိုင်သမျှဟာတွေ အကုန်ထားခဲ့ရတာပဲ။
နောက်ဆုံးမှာ ကိုယ်ချည်းပဲသွားရတာ၊ ဒီအထဲမှာ မီးသင်္ဂြိဟ်တဲ့သူတွေက
အင်္ကျီတောင် ကောင်းရင်ချွတ်ယူကြဦးမယ်။ ပြောသံ ကြားဖူးတာပေါ့။
ရွှေသွား စိုက်ထားလို့ရှိရင် ပါးစပ်ဖြဲပြီးတော့ ရွှေသွားထုတ်ယူကြတယ်။
အဲဒီတော့ ရှိသမျှ ဘာကိုမှ ကိုယ်ယူသွားလို့မရဘူးတဲ့။ ဟော ကိုယ်ပိုင်ဥစ္စာဆိုတာ ဘာမှမရှိဘူး။

ကဲ စဉ်းစားကြည့်လေ၊ ကြည့်လိုက်ကြရအောင်၊ ဒီနားမှာ ရွှေတိဂုံဘုရားကြီးရှိတယ်။
ရွှေတိဂုံဘုရားကြီးကို စပြီးတော့တည်သွားတဲ့ ဘုရားဒကာတွေ ရှိသေးလား၊ မရှိတော့ဘူး၊
ရွှေတိဂုံဘုရားကြီးကိုထားပြီး သွားကြပြီလေနော်။ နောက် ရွှေတိဂုံဘုရားကြီးကို စောင့်ရှောက်ပြီးတော့
ရွှေတိဂုံဘုရားကြီးကို ထပ်ဆင့်ပြီးတည်သွားတဲ့ ရှင်စောပု မိဖုရားကြီး ရှိသေးလား၊ မရှိတော့ဘူး။
ဘုရားကို ထားခဲ့ရတယ်လေ၊ အကုန်ပြန်ကြည့်။

ဒီနားမှာ တစ်ချိန်တုန်း ခုတရားပွဲကြီး ကျင်းပနေတဲ့ ဓမ္မရုံကြီးနေရာ (ယခု မင်္ဂလာဈေးဓမ္မာရုံ)ဟာ
ဘယ်သူပိုင်ခဲ့တာတုန်း၊ လိုက်ကြည့်လိုက်၊ ပိုင်ရှင်တွေ အများကြီးပဲ၊ ဟုတ်ရဲ့လား၊
အဲဒီပိုင်ရှင်တွေ မရှိတော့ဘူး။ အကုန်ထားခဲ့ရတာချည်းပဲ။ တစ်ခုမှ ယူမသွားနိုင်ကြဘူး။

အဲဒါကြောင့်မို့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက "လောကော- လောကကြီးမှာ၊
အဿကော- ကိုယ်ပိုင်ဥစ္စာဆိုလို့ တစ်ခုမှ မရှိပါ" လို့ ဆင်ခြင်စဉ်းစားရမယ်တဲ့။
ဒါဖြင့် ဒီလိုဆင်ခြင်တွေးတောလိုက်တော့ ဘာဖြစ်တုန်း၊ ပစ္စည်းအပေါ်မှာရှိတဲ့ တဏှာတွေ
လျော့ကျမသွားဘူးလား။ ဆင်ခြင်တွေးတောခြင်း contemplation ဆိုတာ အကျိုးရှိတယ်၊
ဒီလိုစဉ်းစားလိုက်တော့၊ ငါပိုင်တာ တစ်ခုမှမရှိပါ့လား၊ ဒီပစ္စည်းတွေ တစ်နေ့တော့ ထားခဲ့ရမယ့်ဟာတွေပဲ၊
ဒီလိုသိရင် ကောင်းတဲ့အလုပ်ကို မလုပ်ဖြစ်ပေဘူးလား၊ လုပ်ဖြစ်တယ်။

အဲဒီလို မတွေးမိတဲ့ ပုဂ္ဂိုလ်တွေကျတော့ ဒီပစ္စည်းတွေကို တတွယ်တွယ် တတာတာနဲ့
လောဘတွေ တိုးပွားလာမယ်၊ မစ္ဆရိယတွေ များလာမယ်၊
ပစ္စည်းတွေကို တွယ်တာလွန်းရင် မြတ်စွာဘုရားဟောသလို ရက္ခိုသ်စောင့်တဲ့
ရေကန်ကြီးထဲက ရေတွေလိုပဲတဲ့၊ ဘယ်သူ့အတွက်မှ မသုံးမကျဘဲ
နောက်ဆုံး ဒီပစ္စည်းတွေက မင်းဘဏ္ဍာဖြစ်သွားတယ်၊ ဒါကြောင့် ဒီလို ဆင်ခြင်စဉ်းစားပါတဲ့။

"လောကော - လောကကြီးမှာ၊ အဿကော - ကိုယ်ပိုင်ဥစ္စာဆိုတာမရှိပါ၊ သဗ္ဗံ - ရှိသမျှပစ္စည်းဥစ္စာကို၊
ပဟာယ ဂမနီယံ - အကုန်ထားပြီးတော့ သွားရမှာ ဖြစ်တယ်ရယ်လို့၊ ဂဘ၀ါ - ရွှေဘုန်းတော်သခင်
ရှင်တော်မြတ်ဘုရားသည်၊ အဝေါစ - ကောင်းစွာမသွေ ဟောကြားတော်မူခဲ့ပါပေသတည်း"
(သာဓု.. သာဓု.. သာဓု.. ပါဘုရား)

ဆရာတော် "ဒေါက်တာနန္ဒာမာလဘိဝံသ" ၏
"ဘ၀အသွင်ကို ဓမ္မအမြင်ဖြင့် ရှုကြည့်ခြင်း" တရားတော်မှ ကောက်နုတ်ထားပါသည်။

အလှူအားလုံးတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်သည်။
"သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ" - အလှူအားလုံးထဲမှာ တရားအလှူဟာ အအောင်နိုင်ဆုံး၊
အမြတ်ဆုံးလို့ ဘာကြောင့်ဟောကြားရတာလဲဆိုရင် ဒီတရားကိုနာရမှ ဒါနဖြစ်တာ၊
သီလဆောက်တည်ဖြစ်တာ၊ ဘာဝနာပွားများဖြစ်တာ။
တရားနာကြားခွင့်မရရင် ဘာကုသိုလ်မှ မဖြစ်တော့ဘူး။
ဒါကြောင့် အလှူအားလုံးထဲမှာ တရားအလှူဟာ အမြတ်ဆုံးလို့ မြတ်စွာဘုရားကဟောထားတာပါ။

ဓမ္မမိတ်ဆွေအပေါင်း ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းများစွာဖြင့် ပြည့်စုံနိုင်ပါစေရှင်..
မိုးတိမ်လွင်ပြင်(Pakokku)
2.10.2013
ဆရာတော်ကြီး၏ ပုံတော်အား => https://www.facebook.com/photo.php?fbid=160024920840752&set=a.109901099186468.17139.109899585853286&type=1&theater မှ ကူးယူဖော်ပြပါသည်။

ဘ၀အသွင်ကို ဓမ္မအမြင်ဖြင့် ရှုကြည့်ခြင်း

လူတိုင်းလူတိုင်း ဘ၀တစ်ခုစီ ရရှိထားကြလို့ လူတိုင်းလူတိုင်းမှာ ကိုယ်စီ ဘ၀ကလေးတွေရှိနေကြတယ်။
သို့သော် ဘ၀နဲ့ပတ်သက်ပြီးတော့ တစ်ဦးနှင့်တစ်ဦး အမြင်ချင်း အတူကြပေဘူး။
တချို့က ဘ၀ကို ပျော်စရာလို့မြင်ကြတယ်။ တချို့က ဘ၀ကို ငြီးငွေ့စရာလို့ မြင်ကြတယ်။

ဘ၀မှာ အဆင်ပြေနေတဲ့ ပုဂ္ဂိုလ်တွေက "တို့ ရ,ထားတဲ့ ဘ၀ဟာ သာတောင့်သာယာရှိတယ်၊
အင်မတန်မှကောင်းတယ်လို့ ဘ၀ကို အကောင်းမြင်တဲ့ ပုဂ္ဂိုလ်တွေရှိသလို" ဘ၀မှာ အဆင်မပြေတဲ့
ပုဂ္ဂိုလ်တွေကျတော့ "အို... ဘ၀ကြီးကလည်း ငြီးငွေ့စရာကောင်းလိုက်တာ" တဲ့၊ ဒီလိုဘ၀ကနေ
ထွက်ပြေးချင်တဲ့စိတ်တွေ ပေါ်လာလောက်အောင် ဘ၀ကို စက်ဆုပ်ရွံမုန်းတဲ့ ပုဂ္ဂိုလ်တွေလည်းရှိတယ်။
ဒီလို ဘ၀နဲ့ ပတ်သက်ပြီးတော့ အမြင်အမျိုးမျိုးရှိကြတယ်။

ဘ၀ကို ကောင်းတယ်. သာယာတယ်. လှပတယ်လို့ မြင်တဲ့ ပဂ္ဂိုလ်တွေက တစ်မျိုး၊ ဘ၀ကို အရုပ်ဆိုး
အကျည်းဆန်တယ်လို့ မြင်တဲ့ ပုဂ္ဂိုလ်တွေက တစ်မျိုးတဲ့။ ထိုနှစ်မျိုးစလုံးရဲ့ အမြင်တွေဟာ သေချာစဉ်းစား
ကြည့်လို့ရှိရင် ဓမ္မအမြင်နဲ့မြင်တဲ့ အမြင်မျိုးမဟုတ်ဘူး။ ဘ၀ကို လှတယ်. ပတယ်. သာယာတယ်..
ပျော်စရာကောင်းတယ်လို့ဆိုတဲ့ ပုဂ္ဂိုလ်တွေ ကုသိုလ်ကောင်းမှု လုပ်တိုင်းလုပ်တိုင်း  ဒီ့ထက်ကောင်းတဲ့ဘ၀ကို
မျှော်လင့်တောင့်ထပြီးတော့ ကောင်းသထက်ကောင်းတဲ့ ဘ၀ကို ဆုတောင်းပြီးတောင် ယူကြတယ်နော်။
အင်မတန် တိုတောင်းတဲ့ ဘ၀ကလေးတောင်မှ တချို့ပုဂ္ဂိုလ်များက ဘ၀ဟာ အင်မတန်တိုတယ်၊
ရနိုင်သမျှ ပျော်ပျော်ကလေးနေရမယ်၊ ပျော်ပျော်နေ သေခဲလို့ ဆိုပြီးတော့ ဘ၀မှာ အပျော်ရှာပြီးတော့
အကောင်းဘက်က တွေးနေကြတယ်။

အနောက်တိုင်းကလူတွေ ပြောလေ့ရှိကြတယ်၊ Life is too short. Enjoy yourself. ဘ၀ကလေးဟာ
တိုတိုလေးပဲ၊ ပျော်ပျော်နေပါတဲ့။ ဘုန်းကြီးတို့ အမေရိကမှာနေတုန်းက The Love Boat ဆိုတဲ့ ရုပ်ရှင်ကား
ကြည့်ဖူးတယ်။ အဲဒီမှာ အဘိုးကြီး အမယ်ကြီးတွေ ဘာမှ မလုပ်မရှိ အကိုင်မရှိတော့ ပျင်းရိငြိငွေ့ပြီး
အပျော်ရှာတဲ့အကြောင်းကို ရိုက်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်တယ်။
အဲဒီ ဇာတ်ကားထဲမှာ သင်္ဘောကြီးပေါ်မှာနေတုန်းကတော့ အလွန်ပျော်ကြတယ်။
ပြန်လည်ရောက်လာလို့ သင်္ဘောကနေ ဆင်းကြတဲ့အခါမှာ အဘိုးကြီး
အမယ်ကြီးတွေ မျက်ရည်စက်လက်နဲ့ ၀မ်းနည်းပန်းနည်း ငိုယိုကြတာကို တွေ့ရတယ်။

ဒါကြောင့် လောကကြီးမှာ ပျော်စရာရှာပေမယ့်လို့ ပျော်စရာချည်းတွေ့တာ မဟုတ်ဘူး။
အကောင်းထင်ပြီးတော့ ရှာပေမယ့်လို့ အကောင်းချည်းတွေ့တာ မဟုတ်ဘူး။
ဘ၀ဆိုတာ အကောင်းအဆိုး ရောနေတာ၊ ကောင်းတဲ့ အကွက်ကလေးတွေရှိတယ်။
ဒါကြောင့်မို့လို့ လူတွေဟာ ဘ၀ကြီးမှာ ပျော်နေကြတာပေါ့။
ဘယ်အရာပဲဖြစ်ဖြစ် အကောင်းရှိသလို အဆိုးလည်းရှိတယ်။

ဘုန်းကြီးတို့ ဗုဒ္ဓစာပေမှာ 'အဿာဒ' နှင့် 'အာဒီန၀' ခွဲခြား ဖော်ပြလေ့ရှိတယ်။ လောကမှာ ကျေနပ်စရာ၊
ကြိုက်နှစ်သက်စရာ၊ ပျော်ရွှင်စရာ၊ စွဲမက်စရာ attractive ဆိုတာ ရှိတယ်။ အဲဒါကို 'အဿာဒ'
enjoyment လို့ခေါ်တယ်။ ဘ၀မှာ ကြိုက်နှစ်သက်စရာ တွေရှိတယ်၊
ဘ၀ကို အကြောင်းပြုပြီးတော့လည်း ပျော်ကြတယ်၊ ချမ်းသာသုခတွေရကြတယ်၊
အဆင်ပြေနေတဲ့ ဘ၀မှာဆိုလို့ရှိရင်ပျော်လို့ ရွှင်လို့၊
ဒါဘ၀ရဲ့ သာယာမှုကလေးတွေ့ပေါ့နော်။ ဒါကို 'အဿာဒ' လို့ ခေါ်တယ်။

အဲဒီ သာယာမှုလေးတွေဟာ ထာဝရလား ဆိုတော့ ထာဝရမဟုတ်ဘူး။ ခဏကလေးပဲ၊ မတည်မြဲဘူး၊
ယခု ပျော်ရွှင်စရာတွေ့ပေ့မယ့် တော်ကြာ ပျော်ရွှင်စရာတွေ ကုန်ဆုံးသွားတာရှိတယ်။ အဲဒါက ကျေနပ်စရာ
မကောင်းတဲ့အချက်ပဲ။ ဒါကို 'အာဒီန၀' unsatisfactioriness လို့ခေါ်တယ်။

လောကမှာ သတ္တ၀ါတွေ ပျော်ပြီးရင်း ပျော်နေကြတာ ဘ၀မှာ ပျော်စရာရှိလို့သာ ပျော်နေကြတာ။
မျက်စိက အဆင်းအာရုံလေးကို ကြည့်ပြီးတော့ ပျော်ရွှင်မှုကို ရှာကြတယ်။ နားက သာယာတဲ့
အသံကလေးကို နားထောင်ပြီးတော့ ပျော်ရွှင်မှုကို ရှာကြတယ်။ နှာခေါင်းက မွှေးကြိုင်တဲ့ အနံ့ကလေးကို
နမ်းရှူပြီးတော့ ပျော်ရွှင်မှုကို ရှာကြတယ်။ လျှာက ကြိုက်နှစ်သက်တဲ့ အရသာလေးကို ခံစားပြီးတော့
ပျော်ရွှင်မှုကို ရှာကြတယ်။ ခန္ဓာကိုယ်ကြီးကလည်းပဲ သာယာတဲ့ အထိအတွေ့ကလေးတွေကို ထိတွေ့ပြီးတော့
ပျော်ရွှင်မှုကို ရှာကြတယ်တဲ့။ ဘ၀ကို အရင်းအနှီးပြုပြီးတော့ ကြိုက်နှစ်သက်စရာတွေ၊
ပျော်ရွှင်စရာတွေ ရကြတယ်။ ဒါကြောင့် မို့လို့ ဘ၀ကြီးကို ပျော်စရာလို့ မြင်တဲ့ ပုဂ္ဂိုလ်တွေရှိတယ်။

တချိုကတော့ ဘ၀ကြီးနဲ့ ပတ်သက်ပြီးအဆင်မပြေကြဘူး၊ နေရေးထိုင်ရေးလည်း အဆင်မပြေဘူး၊
စားရေးသောက်ရေးလည်း အဆင်မပြေဘူး။ ဒုက္ခသုခတွေ ရောနေတဲ့ ဘ၀ကြီးနဲ့ပတ်သက်ပြီးတော့
ကျေနပ်နှစ်သိမ့်မှု မရရှိတော့ ဘ၀ကြီးကနေ ထွက်ပြေးချင်တဲ့စိတ်တွေ ပေါ်ပေါက်လာကြတယ်။
နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု suicide လုပ်ပြီးတော့
လက်ရှိဘ၀ကနေ ထွက်ပြေးသွားတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။
အဲဒီ ပုဂ္ဂိုလ်တွေဟာ ဘ၀ကို ငြီးငွေ့စရာကြီး၊ စိတ်ပျက်စရာကြီးလို့မြင်တယ်။
အဲဒီ အမြင်နှစ်မျိုး ရှိရာမှာ အကောင်းမြင်တဲ့ ပုဂ္ဂိုလ်တွေကို optimist လို့ ခေါ်တယ်။
အဆိုးမြင်တဲ့ ပုဂ္ဂိုလ်ကျတော့ pessimist လို့ခေါ်တယ်။

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်က လောကမှာ အကောင်းချည်းလည်း မဟုတ်ဘူး၊
အဆိုးချည်းပဲတော့လည်း မဟုတ်ဘူး၊ အဿာဒ လို့ဆိုတဲ့ သာယာစရာတွေ နှစ်သက်စရာတွေ
ရှိသလို အာဒီန၀ဆိုတဲ့ အပြစ်တွေလည်းရှိတယ်။
ဒါကြောင့်မို့လို့ ဒီနှစ်ခုကို ခွဲခွဲခြားခြား ကွဲကွဲပြားပြား သိမြင်တာမှ ဓမ္မအမြင်လို့ ပြောပါတယ်။
realism ပေါ့။ ဒါကြောင့်မို့ ဘ၀ကို အမြင်အမျိုးမျိုးနဲ့ ကြည့်တဲ့အခါမှာ ဘ၀အသွင်ကို ဓမ္မအမြင်နဲ့ ကြည့်ရအောင်။

ဓမ္မအမြင်
~~~~~~
  ဓမ္မ ဆိုတာ အမှန်တရားကို ပြောတာ။
  The law of nature ပေါ့။
ဓမ္မ ဆိုတဲ့ စကားလုံးက အတ္တနော သဘာဝံ ဓာရေတီတိ ဓာရေတီတိ ဓမ္မော၊ သူ့သဘာဝအတိုင်းသူ ဖြစ်နေတာကို
ဓမ္မ လို့ ဒီလိုပြောတာ။ အဲဒီ ဓမ္မ ကို သိတဲ့ အမြင်ဟာ ဓမ္မအမြင်ပဲ၊ ဓမ္မဉာဏ်နဲ့ အမှန်ကို သိမြင်တဲ့အခါကျမှ ဘ၀ဆိုတာ
ဘယ်လိုဟာလဲဆိုတာ သဘောပေါက်လာမှာဖြစ်ပါတယ်။

ဘ၀ရဲ့အသွင်
~~~~~~~~~
လူဘ၀ရဲ့အသွင်ကို ဓမ္မအမြင်နဲ့ ကြည့်ကြတဲ့အခါ လူတိုင်းလူတိုင်းမှာ ကိုယ်စီဘ၀လေးတွေရှိနေကြတယ်။
အဲဒီ ရ,ထားတဲ့ ဘ၀လေးတွေဟာ ဘယ်လို အခြေအနေရှိသလဲဆိုပြီး
လူတိုင်းလူတိုင်း ဆန်းစစ်ပြီးတော့ ကြည့်ကြရမယ်။
ကိုယ် ရ,ထားတဲ့ ဘ၀ကလေးရဲ့ အခြေအနေ ကိုယ်မသိဘူးဆိုလို့ရှိရင် ဒီပုဂ္ဂိုလ်အောက် နမော်နမဲ့နိုင်တာ ဘယ်ရှိမလဲ။
ဒါကြောင့် ကိုယ်ဘ၀ရဲ့ အခြေအနေကို ကိုယ်ကိုယ်တိုင်သိအောင် လုပ်ရမယ်။

တွန်းပို့ခြင်းကို ခံနေကြရ
~~~~~~~~~~~~~~~~~
မြတ်စွာဘုရားက ဘ၀ရဲ့ အသွင်ကို ဓမ္မရဲ့အမြင်ဖြင့် ကြည့်ရှုဖို့ ဆိုပြီးတော့ နည်းလမ်းတွေ ပေးထားတယ်။
" ဥပနီယျတိ လောကော အဓုဝေါ " လောကော- လောကကြီးကို၊ ဥပနီယျတိ- ဇာတိက ဇရာသို့၊
ဇာရာက ဗျာဓိသို့ ဗျာဓိက မရဏသို့ အမြဲတမ်းတွန်းပို့၍ နေပါပေတော့၏။
လောကော- လောကကြီးဟာ၊ အဓုဝေါ-ဘယ်တော့မှ တည်ငြိမ်နေတာ မရှိပေဟူ၍၊ ဘဂ၀ါ-ရွှေဘုန်းတော်သခင်
အရှင်တော်မြတ်ဘုရားသည် အဝေါစ-ကောင်းစွာမသွေ ဟောကြားတော်မူခဲ့ပါပေသတည်း။
(သာဓု.. သာဓု.. သာဓု.. ပါဘုရား)

ဆရာတော် ဒေါက်တာနန္ဒာမာလဘိဝံသ ၏
"ဘ၀အသွင်ကို ဓမ္မအမြင်ဖြင့် ရှုကြည့်ခြင်း" တရားတော်မှ ကောက်နုတ်ထားပါသည်။

သံသရာဝယ်၊ ဆွေချင်းကျေးဇူး၊ ရှိခဲ့ဘူး ကို၊
အထူးဆပ်ရန်၊ စိတ်အားသန်ဖြင့်၊
ကျင့်ရန်မှန်စွ၊ မြတ်ဓမ္မကို၊ ဝေငှပေ၏၊

ဓမ္မမိတ်ဆွေများနှင့် သူငယ်ချင်းအပေါင်းတို့ ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းများစွာဖြင့် ပြည့်စုံနိုင်ပါစေရှင်..။
မိုးတိမ်လွင်ပြင် (Pakokku)
1.10.2013
ဆရာတော်ကြီး၏ ပုံတော်အား => https://www.facebook.com/photo.php?fbid=160024920840752&set=a.109901099186468.17139.109899585853286&type=1&theater မှ ကူးယူဖော်ပြပါသည်။

Wednesday, January 30, 2013

၂၄ပစ္စည်း-ပဋ္ဌာန်းရုပ်ပြစုံ



to download in PDF file
http://www.mediafire.com/?ro47b421nb94r8f

ဟေတုပစ္စယော = ဟိတ်ခြောက်ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရေသောက်မြစ်လျှင်၊ ယင်းသစ်ပင်ကို၊ စည်ပင်စေမှု၊ ကျေးဇူးပြု၊ ဟေတုပစ္စည်းခေါ်)


အာရမ္မဏပစ္စယော = အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(တောင်ဝှေးကြိုးတန်း၊ သူမစွမ်းကို၊ မပန်းစေရစေ၊ ထိုင်ထစေမှု၊ ကျေးဇူးပြုပြန်၊ အာရမ္မဏခေါ်)

အဓိပတ္တိပစ္စယော = အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းရှင်၊ အုပ်စိုးသွင်သို့၊ ပြိုင်ရှင်မရှိ၊ စိုးအုပ်ဘိ၊ အဓိပတိခေါ်)

အနန္တရပစ္စယော = အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းဖျား၊ နတ်ရွာလားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)

သမနန္တရပစ္စယော = ကောင်းစွာ အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းဖျား၊ တောထွက်သွားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)

သဟဇာတပစ္စယော = အတူတကွ ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(ဆီမီးတောက်သော်၊ အလင်းပေါ်သို့၊ ထို့တူတသီး၊ ပစ္စည်းပစ္စယုပ္ပန်၊ အတူဖြစ်ဟန်ကို)

အညမညပစ္စယော = အချင်းချင်းအပြန်လှန် ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(သစ်သားသုံးခွ၊ ချင်းချင်းမသို့၊ အညမညံ၊ ပြန်လှန်သမှု၊ ကျေးဇူးပြု)

နိဿယပစ္စယော = မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(သစ်ပင်တည်ရာ၊ မြေပမာလျှင်၊ မှီရာတည်မှု၊ ကျေးဇူးပြု)

ဥပနိဿယပစ္စယော = အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မိုးကြီးပမာ၊ သတ္တဝါတွေ၊ တည်နေနိုင်မှု၊ ကျေးဇူးပြု၊ ဥပနိဿယခေါ်)

ပုရေဇာတပစ္စယော = ရှေး၌ ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ကမ္ဘာဦးက၊ နေနှင့်လသို့၊ ရှေ့ကဖြစ်လာ၊ နောက်ကဖြစ်လာသည့်၊ တရားစုစု၊ ကျေးဇူးပြု)

ပစ္ဆာဇာတပစ္စယော = နောက်၌ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(လင်းတငယ်သော်၊ အစာမျှော်သို့၊ နောက်ပေါ်လာသည့်၊ ပစ္စည်းတရားစု၊ ကျေးဇူးပြု)

အာသေဝနပစ္စယော = အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရှေးရှေးထုံထား၊ နံ့သာလားသို့၊ ရှေ့ဖျားကျမ်းဂန်၊ လေ့လာသန်လပ်၊ နောက်ထပ်ကျမ်းဂန်၊ အမြင်သန်သည်၊ ဧကန်အာသေဝနသဘောတည်း။)

ကမ္မပစ္စယော = အကြောင်းကံဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မျိုးစေ့အလား၊ ပမာထား၍၊ နှစ်ပါးသောကံ၊ အခြေခံကာ၊ ဝေဘန်သမှု၊ ကျေးဇူးပြု)

ဝိပါကပစ္စယော = အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ချမ်းရိပ်နားနေ၊ သွန်းလေပြေသို့၊ ကံနေအလား၊ အဖြစ်များမှု၊ ကျေးဇူးပြု)

အာဟာရပစ္စယော = ထောက်ပံ့ ခိုင်ခံစေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(အိမ်ကို ကျားကန်၊ ဖြစ်ရဟန်သို့၊ သဏ္ဍာန်တူစွ၊ ထောက်ပံ့မသည့်၊ အာဟာရဖြစ်မှု၊ ကျေးဇူးပြု။)

ဣန္ဒြိယပစ္စယော = အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မိမိဆိုင်ရာ၊ ကိစ္စမှာလျှင်၊ ကောင်းစွာစိုးရ၊ ဖြစ်ရစင်စစ်၊ ပဒေသရာဇ်၊ စိုးအုပ်လှစ်သို့)

ဈာနပစ္စယော = ကမ္မဋ္ဌာန်းအာရုံသို့ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(သစ်ပင်တောင်ငူ၊ တတ်သသူသည်၊ အောက်သူတို့အား၊ ကြည့်ပြောငြားသို့။)

မဂ္ဂပစ္စယော = သံသရာမှ ထွက်မြောက်ကြောင်းနည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ပမာကူသို့၊ ဆောင်ယူပို့သို့၊ ထို့တူနိဗ္ဗာန်၊ ရောက်ကြောင်းမှန်ပြု၊ ကျေးဇူးပြု။)

သမ္ပယုတ္တပစ္စယော = ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စတုမဓူ၊ ရောသည့်တူပေ၊ စိတ်စေနှစ်ပါး၊ ခွဲခြားမရ၊ ယှဉ်ကြသမှု၊ ကျေးဇူးပြု။)

ဝိပယုတ္တပစ္စယော = မယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရသခြောက်ပါး၊ ရောစပ်ထားသို့၊ ခြားနားမတူ၊ ဖြစ်ဟန်မူသို့၊ ထို့တူမခြား၊ ကျေးဇူးပြု။)

အတ္ထိပစ္စယော = ထင်းရှားရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မြင့်မိုရ်မြေကြီး၊ ထောက်ပံ့နည်းသို့၊ ပစ္စည်းသတ္တိ၊ ကျေးဇူးရှိ၊ အတ္ထိပစ္စည်းခေါ်။)

နတ္ထိပစ္စယော = မရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ငြိမ်းသေလေပြီး၊ ဆီမီးတန္တု ကျေးဇူးပြုသို့၊ ထို့တူမှတ်ဘိ၊ မရှိသမှု၊ ကျေးဇူးပြု။)

ဝိဂတပစ္စယော = ကင်းမဲ့ချူပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(နေရောင်ပျောက်ကင်း၊ လရောင်လင်းသို့၊ ချုပ်ကင်းလေမှု၊ ကျေးဇူးပြု။)

အဝိဂတပစ္စယော = မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(သမုဒ္ဒရာ၊ ငါးပျော်ရာသို့၊ မကင်းသောအား၊ ယင်းတရားစု၊ ကျေးဇူးပြု။)

ဣတိ၊ ဤသို့။ စတုဝီသတိ ပစ္စယာ၊ နှစ်ဆယ့်လေးပစ္စည်းတို့သည်။ မဟာပကရဏေ၊ အနန္တနယ သမန္တ မဟာပဋ္ဌာန်းကျမ်းကြီး၌။ ဌိတာ၊ တည်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။


http://www.dhammadownload.com မှ ကူးယူဖော်ပြပါသည်။

အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံးဖြစ်၏။
သံသရာဝယ်၊ ဆွေချင်းကျေးဇူး၊ ရှိခဲ့ဘူး ကို၊ အထူးဆပ်ရန်၊ စိတ်အားသန်ဖြင့်၊ ကျင့်ရန်မှန်စွ၊ မြတ်ဓမ္မကို၊ ဝေငှပေ၏၊

Monday, January 14, 2013

ကံ၊ ကံ၏အကျိုး

ဆိုးတာပြုတာ ဆိုးတာရ၊
ကောင်းမှ ကောင်းစားမည်။
ဆိုးကောင်းနှစ်တန် ကံစီမံ
ခံ စံကြရမည်။
သူ့ကိုသတ်ဖြတ် သတ်တိုတက်
မသက် အသက်ရှည်။
ညည်းဆဲသူက အနာများ
သနား ကျန်းမာမည်။
ဒေါသမီးလျှံ၊ အကျည်းတန်
သည်းခံလှပသည်။
မနာလိုမှာ ခြွေရံကွာ
ကြည်သာ ခြေရံစည်။
မပေးလှူက မွဲပြာကျ
လှူမှ ပေါကြွယ်သည်။


ကုသိုလ်ဆိုတာ

ကောင်းမှု ကုသိုလ်ဆိုတာ
စိတ်မပါလည်း လုပ်။
စိတ်ပါလည်း လုပ်။
အားရင်လည်း လုပ်။
မအားရင်လည်း လုပ်၊
ဘာကြောင့်လည်းဆိုတော့...
အိုတာလည်း မအားပဲအိုနေတာ၊
နာတာလည်း မအားပဲနာနေတာ၊
သေချိန်ကြတော့လည်း...
မအားပဲသေရမှာဆိုတော့၊
အားကိုးစရာ တရားစွမ်းအားဟာ...
သမုဒ္ဒရာ ၀မ်းတစ်ထွာထဲကနေပြီး၊
လိမ္မာပါးနပ်စွာနဲ့
ပြုလုပ်အားထုတ်ကြရမှာပါ။


အမျှပေးဝေတဲ့အခါ ဘာဖြစ်လို့ ကြေးစည် တီး ကြပါသလဲ?

ကုသိုလ်ကောင်းမှု ပြုတဲ့အခါ ကိုယ့်မှာရပြီးတဲ့ ကုသိုလ်ကို အခြားသူတွေ ထပ်တူရဖို့ အမျှပေးဝေတယ်။
ပေးဝေရာမှာ ကိုယ့်ရဲ့အသံက သိပ်မကျယ်ဘူး။ အဝေးကကြားအောင် အကျယ်ကြီးအော်ပြောလို့လဲ
ပတ်ဝန်းကျင်လူတွေမှာ အနှောင့်အယှက်ဖြစ်ဖို့ ရှိပါတယ်။

ဒါကြောင့် အမျှပေးဝေနေပါတယ်။ ၀မ်းမြောက်ဝမ်းသာ သာဓုအနူမောဒနာ ခေါ်ကြပါလို့
တိုက်တွန်းတဲ့အနေနဲ့၊ အသံပေးတဲ့ အနေနဲ့ အမျှဝေပြီးရင် ကြေးစည်တီးခတ်လေ့ရှိပါတယ်။
ကြေးစည်သံကြားရင်လဲ ကြားရသူ ဗုဒ္ဓဘာသာတွေက သာဓု သာဓု သာဓုလို့ အနူမောဒနာ ပြုကြပါတယ်။
အမျှပေးဝေမှန်း သိရအောင်လို့ ကြေးစည်တီး ကျေညာခြင်း ဖြစ်ပါတယ်။
သူတော်ကောင်း သူမြတ်လောင်းတို့ပေးဝေသော ကုသိုလ်ကောင်းမှု၏ အဖို့ကို
အကျွန်ူပ် ၀မ်းမြောက်ဝမ်းသာ သာဓုအနူမောဒနာ ခေါ်ဆိုပါ၏။
သာဓု.. သာဓု.. သာဓု လို့ အနူမောဒနာ ပြုရပါမယ်။

Wednesday, December 12, 2012

" ဒို့မှာခေါင်းဆောင်ရှိတယ်" တရားတော်

ဒို့မှာခေါင်းဆောင်ရှိတယ်။ အဲဒီခေါင်းဆောင်က ဓမ္မပဲ။
ကိုယ့်မှာခေါင်းဆောင်ရှိတယ်ဆိုရင်  တရားဓမ္မ ရှိတယ်လို့ပြောတာပါ။
ကိုယ့်မှာသာခေါင်းဆောင်မရှိဘူးဆိုရင် တရားမရှိတာနဲအတူတူပါပဲ။
ကိုယ့်မှာခေါင်းဆောင်ရှိပြီး တရားကိုမကျင့်ခဲ့ဘူးဆိုရင်လည်း ကိုယ့်မှာခေါင်းဆောင်မဲ့သွားမှာပါ။
ဓမ္မမှာအမျိုးမျိုးရှိပါတယ်။
ကောင်းစွာကျင့်သုံးတက်တဲ့ ဓမ္မသည် ချမ်းသာသုခကိုဆောင်တယ်။
ဓမ္မကိုကျင့်တဲ့ ပုဂ္ဂိုလ်ကို ဓမ္မကစောင့်လျှောက်တယ်လို့ မြတ်စွာဘုရားကဟောထားပါတယ်။
အဲဒီဓမ္မတွေက ဘာတွေလဲဆိုတော့ အခြေခံအားဖြင့်ပြောမယ်ဆိုရင်.. အဝေးကိုရှာနေစရာမလိုပါဘူး။
သူ့အသက် သက်ခြင်းကရှောင်တယ်။
သူ့ဥစ္စာခိုးခြင်းကရှောင်တယ်။
သူတစ်ပါး သားမယား ပြစ်မှားခြင်းကရှောင်တယ်။
လိမ်မပြောဘူး။ မှန်ကန်စွာပြောတယ်။
ဂုန်းမတိုက်ဘူး။ ညီညွတ်အောင်ပြောတယ်။
မဆဲဘူး ယဉ်ကျေးတဲ့စကားနဲ့ပြောတယ်။
အကျိုးမဲ့တဲ့စကားတွေကို မပြောဘူး။ အကျိုးရှိတဲ့စကားတွေကိုပဲပြောတယ်။
သူများစည်းစိမ်ကို ကိုယ့်စည်းစိမ်ဖြစ်လိုတဲ့စိတ်။ သူများပစ္စည်းကို ကိုယ့်ပစ္စည်းဖြစ်လိုတဲ့စိတ် မရှိဘူး။
လောဘမဖြစ်ဘူး။ သူတစ်ပါးတွေကို နစ်နာပျက်စီးစေလိုတဲ့ စိတ်ယုတ်မာမျိုးမထားဘူး။
အားလုံးချမ်းသာပါစေဆိုတဲ့ စိတ်ရှိတယ်။
ကံ ကံ၏အကျိုးကို လက်ခံယုံကြည်တယ်ဆိုရင် ဒါဟာတရားရှိတာပါပဲ။ အဲဒီတရားတွေအားလုံးသည် ဓမ္မပါပဲ။
အဲဒီဓမ္မကိုကျင့်သုံးတဲ့သူတွေဟာ (၃၁) ဘုံထဲက (၇)ဘုံကို ရောက်မယ်။ လူပြည်ရယ် နတ်ပြည် ခြောက်ထပ်ရယ်။
ဒါဖြင့် အောက်မှာနေတဲ့ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကယ်ဆိုတဲ့ အပါယ် (၄)ဘုံကို ရောက်တဲ့သူတွေက အဓမ္မကိုကျင့်တဲ့သူတွေပါ။
ဒါကြောင့် ကိုယ့်ကျင့်သုံးရမှာက ဓမ္မသာဖြစ်တယ်။
ဒါကြောင့် ဓမ္မသာလျင် မိတ်ဆွေတို့ရဲ့ ကိုးကွယ်ရာဖြစ်ပါတယ်။ ဒို့မှာခေါင်းဆောင်ရှိတယ်ဆိုတာ ဓမ္မကို ပြောတာပါ။
(ဓမ္မမိတ်ဆွေများလည်း ဓမ္မကိုကျင့်ပြီး လူ့ပြည်နဲ နတ်ပြည်ခြောက်ထပ်ကိုပဲသွားနိုင်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ ဖြစ်ကြပါစေ... သာဓု..သာဓု..သာဓု..။)
(ဘဒ္ဒန္တ ဒေါက်တာ နန္ဒမာလာဘိဝံသ၏  " ဒို့မှာခေါင်းဆောင်ရှိတယ်" ... တရားတော်မှ ကောက်နုတ်ထားပါသည်။) (13.12.2012) (11:21 AM)

ဆရာတော်၏ ပုံတော်ကို Young Buddhist's Association မှကူးယူထားပါသည်။

Tuesday, October 23, 2012

ရတနာထိုက်သောစကားလေးခွန်း


အဆုံးအမပေးသော ဆရာတော်အားကျေးဇူးတင် ဦးချကန်တော့ရင်း ရတနာထိုက်သောစကားလေးခွန်း ၏
အဆုံးအမများကိုပြန်လည်း မျှဝေပါတယ်။

(၁) မြင့်သူတွေရဲ့ကြားထဲမှာ နိမ့်သူအဖြစ်နေပါ
 **********************************
မြင့်သူတွေရဲ့ကြားထဲမှာဆိုတာက လောကကြီးမှာ သေယျမာန်၊သဒိသမာန်၊ဟီနမာန်တည်းသော မာန်မာနတွေဖြင့် ထောင်လွှာပြီးတော့နေနေတဲ့သူတွေရဲ့ကြားထဲမှာ မာန်မာနမရှိဘဲနိမ့်သူအဖြစ် နေပါလို့ပြောချင်တာပါ။ အဲဒီတော့ သာမန်ပုထုဇဉ်အနေဖြင့် မာန်မာနတွေကတော့ ရှိနေဦးမှာပါပဲ၊ မိမိက အဲဒီလူတွေကြားထဲမှာ သတိသမ္ပဇဉ်စိတ်ဝယ် ဆင်ပြီးနေတတ်ဖို့ပါပဲ။ ဒါဆိုရင် မာန်မာနတွေထူပြောနေတဲ့သူတွေကြားထဲမှာ မာန်မာနမရှိဘဲနေတတ်အောင်နေပါလို့ ရတနာထိုက်သောပထမစကားတစ်ခွန်းဖြင့်တိုက်တွန်းလိုက်ရပါတယ်..။

(၂) နိမ့်သူတွေရဲ့ကြားထဲမှာ မြင့်သူအဖြစ်နေပါ
***********************************
နိမ့်သူတွေရဲ့ကြားထဲမှာဆိုတာက လောကကြီးမှာ ကိုယ်ကျင့်သီလပျက်ပြားနေတဲ့သူတွေအများကြီးရှိပါတယ်၊ အဲဒီလိုကိုယ်ကျင့်တရားပျက်ပြားသူတွေကြားထဲမှာ မြင့်မြတ်သူတစ်ယောက်အဖြစ်နေတတ်အောင်နေပါလို့ပြောချင်တာပါ။ မိမိဘ၀မှာ သို့မဟုတ် မိမိပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် တွေ့ကောင်းတွေ့ပါလိမ့်မယ်၊ အကျင့်သီလပျက်ပြားနေတဲ့သူတွေကိုပေါ့၊ ဘယ်သူတွေ ဘယ်လိုပျက်ပျက် အဲဒီအထဲမှာ မိမိက မပါသွားဖို့ပဲလိုတယ်။ ဒါဆိုရင် ကိုယ့်ကျင့်တရားပျက်ပြားနေသူတွေ ကြားထဲမှာ မြင့်မြတ်သူတစ်ယောက်အဖြစ်နေတတ်အောင်နေပါလို့ ရတနာထိုက်သော ဒုတိယစကားတစ်ခွန်းဖြင့် တိုက်တွန်းလိုက်ရပါတယ်..။

Monday, October 8, 2012

ဘ၀မှာစိတ်ချမ်းသာဖို့

၁)
ငါဟာ ငါ့ဘ၀မှာ အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့မိသားစုဘ၀မှာလည်း အရေးပါတဲ့သူဖြစ်တယ်။
ငါ့အသိုင်းအ၀ိုင်းမှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ဘာတွေ လုပ်ပေးနိုင်လို့အရေးပါတာလဲ။
ဘာမှ ထူးထူးခြားခြား လုပ်ပေးနိုင်လို့ မဟုတ်ပါဘူး။ သွားရင်းလာရင်းနဲ့စိတ်ချမ်းသာစရာလေးတွေကို
ငါ ပြောနိုင်တယ်။ တစ်ခါတလေ ကိုယ်တတ်နိုင်တဲ့ အကူအညီပေးနိုင်တယ်။
ငါ့ကြောင့်နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမ်းသာမှု ရစေချင်တယ်။
ငါ့ဘ၀မှာ ငါဟာအရေးအပါဆုံးလူ မဟုတ်ရင် ဘယ်သူက ငါ့ဘ၀မှာ အရေးအပါဆုံး ဖြစ်မလဲ။
ငါဟာ ဘာမှ အသုံးမကျတဲ့သူလို့ ငါ့ကိုယ်ငါ သဘောထားရင်ဘယ်လိုလုပ် စိတ်ချမ်းသာမလဲ။
ဘယ်လိုလုပ် စိတ်အားတက်မလဲ။

(၂)
ငါ ဘယ်သူ့ကိုမှ ဒုက္ခမပေးမိအောင် သတိထားတယ်။ တစ်ယောက်ကိုတစ်ယောက်
ဒုက္ခပေးနေကြရင်ဒီလောက်လူတွေများတဲ့ လောကကြီးမှာ ဘယ်နေလို့ ဖြစ်တော့မလဲ။
ဒါကြောင့် စိတ်ချမ်းသာမှုမပေးနိုင်ရင်ရှိပါစေတော့ စိတ်ဆင်းရဲမှုတော့ မပေးမိအောင် သတိထားပါတယ်။

(၃)
ဒီနေ့ဟာ အရေးအကြီးဆုံးနေ့ပဲ။ ဒီနေ့ကို တန်ဖိုးထားမှ နေ့တိုင်း
တန်ဖိုးရှိတဲ့နေ့ ဖြစ်မယ်။ နေ့တိုင်း တန်ဖိုးရှိတဲ့နေ့ဖြစ်မှ ငါ့ဘ၀ဟာ တန်ဖိုးရှိတဲ့ဘ၀ဖြစ်မယ်။
ဒါကြောင့် ဒီနေ့ တန်ဖိုးရှိတာ လုပ်မယ်။
ပညာရှာမယ်။ မိတ်ဆွေကောင်းရှာမယ်။ စိတ်ချမ်းသာအောင် နေမယ်။
မွေးနေ့မှာ Happy Birth Day ပျော်ရွှင်စရာမွေးနေ့လို့ ပြောကြတယ်။
ပျော်လည်းပျော်ကြတယ်။ နေ့တိုင်း အဲဒီလို ပျော်လို့ မဖြစ်ဘူးလား။
မဖြစ်နိုင်စရာအကြောင်း ဘာရှိသလဲ။ နေ့တိုင်း မွေးနေ့လို့ သဘောထားမယ်။

(၄)
ဒီနေ့လုပ်ရမယ့် အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်။ လူတွေကို
အကောင်းဆုံးသဘောထားနဲ့ ဆက်ဆံမယ်။
ငါနဲ့တွေ့ရတဲ့ လူတွေဟာ ငါ့လိုပဲ ဘ၀ကို ရုန်းကန်ပြီး နေသွားကြတယ်။

(၅)
ကိုယ်တတ်နိုင်တာကို ပျော်ပျော်ရွှင်ရွှင် စိတ်ပါလက်ပါ၊ ရိုးရိုးသားသားစေတနာနဲ့ လုပ်မယ်။
မတတ်နိုင်တာကို မတတ်နိုင်ဘူးလို့ သဘောထားမယ်။
အဲဒီလို မတတ်နိုင်တဲ့ အတွက်ကြောင့်စိတ်ဆင်းရဲမခံဘူး။

အကုသိုလ်၊ သစ်ပင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှု

မနက်စောစော ကော်ဖီ သောက်ရင်းနဲ့ ပြုခဲ့တဲ့ ကုသိုလ် စာရင်းလေးကို ပြန်ဖတ်ရင်း၊
ပြန်တွေးဖြစ်ရင်းနဲ့ စိတ်က အလိုလို ကြည်နူး လာပါတယ်။
သိပ်များများ စားစားကြီး မဟုတ်ခဲ့ပေမယ့် တချို့ကုသိုလ်လေး တွေကိုတော့
ဒီနေ့အထိ သတိတရ ရှိနေတုန်းပါ။ ဥပမာ - အသက်(၅၀)ကျော် အသား မည်းမည်း
အမျိုးသမီးကြီး တစ်ယောက် ခေါင်းပေါ်က မုန့်ဗန်းကြီး မှောက်ကျ သွားလို့
ငိုနေတာ တွေ့ရတော့ ပါလာတဲ့ ငွေတချို့ကို ထုတ်လှူ ဖြစ်ခဲ့တာမျိုးလေး တွေပါ။
အဲဒီလို အပြုအမူ ကုသိုလ်လေးကို ပြန်ဖတ်မိတိုင်း၊ ပြန်တွေး မိတိုင်း
ကြည်နူးရမြဲပါ။ စာလို ပြောရင်တော့ အပရ စေတနာပေါ့။

ကုသိုလ် စာရင်းကို မှတ်တမ်းတင်ဖြစ်သလို ပြုခဲ့တဲ့ အကုသိုလ် စာရင်းကိုလည်း
ဘယ်ညာပူးတွဲပြီး မှတ်တမ်းများ တင်နိုင်ခဲ့ရင် ဘယ်စာရင်းက အလေးသာသွားမလဲ၊
ကုသိုလ်ကလား၊ အကုသိုလ်ကလား၊ ပုထုဇဉ်ပီပီ အကုသိုလ်တွေကို
အကြိမ်ကြိမ်တွေးခဲ့၊ အကြိမ်ကြိမ် ပြောခဲ့၊ အကြိမ်ကြိမ် ပြုခဲ့တာပါ။
သီးသန့်မှတ်တမ်း မရှိခဲ့လို့ အရေအတွက် မသိရတာသာ ရှိမယ်။ တွေးခဲ့၊ ပြောခဲ့၊
ပြုခဲ့မိတာတွေကတော့ မမြင်ရတဲ့ အရေအတွက်တစ်ခု အနေနဲ့ တည်ရှိနေကြမှာပါ။

Thursday, August 30, 2012

မေတ္တာသုတ် ပါဠိတော် နှင့် မေတ္တာသုတ် အနက်အဓိပ္ပါယ်

မေတ္တာသုတ် ပါဠိတော်
******************

၁။ ယဿနုဘာဝတော ယက္ခာ၊ နေ၀ ဒေဿန္တိ ဘီသနံ။
ယမှိစေ၀ါနုယုဉ္ဖန္တော။ ရတ္တိံဒိဝ မတန္ဒိတော။

၂။ သုခံ သုပတိသုတ္တောစ၊ ပါပံ ကိဉ္စိ နပဿတိ။
ဧ၀မာဒိ ဂုဏုပေတံ၊ ပရိတ္တံ တံဘဏာမဟေ။

၃။ ကရဏီယမတ္ထ ကုသလေန၊ ယန္တ သန္တံပဒံ အဘိသမေစ္စေ။
သက္ကော ဥဇူစ သုဟုဇူစ၊ သုဝစော စဿ မုဒုအနတိမာနီ၊

၎။ သန္တုဿကောစ သုဘရော စ၊
အပ္ပကိစ္စော စ၊ သလ္လဟုက၀ုတ္တိ။
သန္တိနြ္ဒိယော စ နိပကော စ၊
အပ္ပဂဗ္ဘော ကုလေသွ နနုဂိဒ္ဓေါ။

၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန ၀ိညု ပရေ ဥပ၀ဒေယျုံ။
သုခိနောဝ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိသတ္တာ။

Monday, August 6, 2012

ပုဗ္ဗါရုံတောရ အရှင်ဆေကိန္ဒာရာမ ကျောင်းတိုက်ရှိ ဆွမ်းခံကြွရန်ပြင်ဆင်နေသော သံဃာတော်များနှင့် ကိုရင်လေးများ

ပုဗ္ဗါရုံတောရ အရှင်ဆေကိန္ဒာရာမ ကျောင်းတိုက်ရှိ  သံဃာတော်များနှင့် ကိုရင်လေးများ   ဆွမ်းခံကြွ ရန်ပြင်ဆင်နေပုံဖြစ်ပါသည်။ သာသနာ ဒါယကာ ဒါယိကာမများ ကြည်ညိုဖူးမျှော်နိုင်ရန်နှင့် ဓမ္မဒါနအဖြစ် ကုသိုလ်ပြုအပ်ရန်အတွက် စုစည်းတင်ပြခြင်းဖြစ်ပါသည်။




Monday, July 23, 2012

ဒေါက်တာ အရှင်ဆေကိန္ဒ၏ (၃) ရက်တရားစခန်းအတွက် ဓာတ်ပုံမှတ်တမ်း

ပုဗ္ဗါရုံတောရ ဆေကိန္ဒာရာမကျောင်းတိုက်သည်  ပြင်စာဒေသ ပြင်ဦးလွင်မြို့နယ် မြေပုံကျေးရွာတွင် တည်ရှိပါသည်။ ဆေကိန္ဒာရာမကျောင်းတိုက်တွင် ရဟန်းသံဃာတော် (၅)ပါးနှင့် ကိုရင်ငယ်လေး (၁၂)ပါးတို့ သတင်းသုံးနေထိုင်လျက်ရှိပါသည်။ စတုထ္ထအကြိမ် တရားစခန်းကို ၁၃.၇.၂၀၁၂ မှ ၁၅.၇.၂၀၁၂ အထိ နှစ်ညအိပ် သုံးရက် တရားစခန်းအဖြစ် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဆေကိန္ဒာရာမကျောင်းတိုက်ကြီးအတွင်းတွင် ခေတ်မီလှပသော နှစ်ထပ်ဆွမ်းစားဆောင်ကြီးလည်းရှိပါသည်။
သေသပ်လှပသော မန်းရွှေလီ သိမ်ကျောင်းတိုက်ကြီးလည်း ရှိပါသည်။ ဆရာတော် သတင်းသုံးသော ပီတိသုခကျောင်းဆောင် နှင့်  သံဃာတော်များ သတင်းသုံးနေထိုင်သော ကျောင်းဆောင်များစွာလည်း ရှိပါသည်။ ကျယ်ဝင်းလှသော နှစ်ထပ်ကျောင်း ဓမ္မာရုံကြီးလည်း ရှိပါသည်။ ထို့အပြင် အမျိုးသမီးယောဂီ (၁၅၀) ကျော်တို့ နေထိုင်နိုင်သော ကျောင်းဆောင် (၂) ဆောင် ရှိပါသည်။ ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒ ၏ (၃) ရက်တရားစခန်းအတွက် ဓာတ်ပုံမှတ်တမ်းများအား သာသနာဒါယကာ ဒါယိကာမများအတွက် ဓမ္မဒါနအဖြစ် ကုသိုလ်ပြုအပ်ပါသည်။










































ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ၏ (၃) ရက်တရားစခန်းအတွက် ဓာတ်ပုံမှတ်တမ်းများအား သာသနာဒါယကာ ဒါယိကာမများအတွက် ဓမ္မဒါနအဖြစ် ကုသိုလ်ပြုအပ်ပါသည်။

လာရောက်လည်ပတ်သွားတဲ့အတွက် အထူးကျေးဇူးတင်ရှိပါသည်။ 
ရိုသေစွာဖြင့် 
လွင်ပြင် (23.7.2012)