မူလစာမျက်နှာ

Tuesday, October 23, 2012

ရတနာထိုက်သောစကားလေးခွန်း


အဆုံးအမပေးသော ဆရာတော်အားကျေးဇူးတင် ဦးချကန်တော့ရင်း ရတနာထိုက်သောစကားလေးခွန်း ၏
အဆုံးအမများကိုပြန်လည်း မျှဝေပါတယ်။

(၁) မြင့်သူတွေရဲ့ကြားထဲမှာ နိမ့်သူအဖြစ်နေပါ
 **********************************
မြင့်သူတွေရဲ့ကြားထဲမှာဆိုတာက လောကကြီးမှာ သေယျမာန်၊သဒိသမာန်၊ဟီနမာန်တည်းသော မာန်မာနတွေဖြင့် ထောင်လွှာပြီးတော့နေနေတဲ့သူတွေရဲ့ကြားထဲမှာ မာန်မာနမရှိဘဲနိမ့်သူအဖြစ် နေပါလို့ပြောချင်တာပါ။ အဲဒီတော့ သာမန်ပုထုဇဉ်အနေဖြင့် မာန်မာနတွေကတော့ ရှိနေဦးမှာပါပဲ၊ မိမိက အဲဒီလူတွေကြားထဲမှာ သတိသမ္ပဇဉ်စိတ်ဝယ် ဆင်ပြီးနေတတ်ဖို့ပါပဲ။ ဒါဆိုရင် မာန်မာနတွေထူပြောနေတဲ့သူတွေကြားထဲမှာ မာန်မာနမရှိဘဲနေတတ်အောင်နေပါလို့ ရတနာထိုက်သောပထမစကားတစ်ခွန်းဖြင့်တိုက်တွန်းလိုက်ရပါတယ်..။

(၂) နိမ့်သူတွေရဲ့ကြားထဲမှာ မြင့်သူအဖြစ်နေပါ
***********************************
နိမ့်သူတွေရဲ့ကြားထဲမှာဆိုတာက လောကကြီးမှာ ကိုယ်ကျင့်သီလပျက်ပြားနေတဲ့သူတွေအများကြီးရှိပါတယ်၊ အဲဒီလိုကိုယ်ကျင့်တရားပျက်ပြားသူတွေကြားထဲမှာ မြင့်မြတ်သူတစ်ယောက်အဖြစ်နေတတ်အောင်နေပါလို့ပြောချင်တာပါ။ မိမိဘ၀မှာ သို့မဟုတ် မိမိပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် တွေ့ကောင်းတွေ့ပါလိမ့်မယ်၊ အကျင့်သီလပျက်ပြားနေတဲ့သူတွေကိုပေါ့၊ ဘယ်သူတွေ ဘယ်လိုပျက်ပျက် အဲဒီအထဲမှာ မိမိက မပါသွားဖို့ပဲလိုတယ်။ ဒါဆိုရင် ကိုယ့်ကျင့်တရားပျက်ပြားနေသူတွေ ကြားထဲမှာ မြင့်မြတ်သူတစ်ယောက်အဖြစ်နေတတ်အောင်နေပါလို့ ရတနာထိုက်သော ဒုတိယစကားတစ်ခွန်းဖြင့် တိုက်တွန်းလိုက်ရပါတယ်..။




(၃) မနေသူတွေကြားထဲမှာ နေသူအဖြစ်နေပါ
 **********************************
ဒေါသဖြင့်နေသူတွေကြားထဲမှာ မေတ္တာတရားဖြင့်နေပါ။ လူများအစုက ဒေါသဖြင့်နေကြတာဆိုတော့ မေတ္တာတရားဖြင့် နေတဲ့သူကရှားပါတယ်၊ အဲဒီတော့ မေတ္တာတရားဖြင့်မနေနိုင်သူတွေကြားထဲမှာ မေတ္တာတရားဖြင့်နေတတ်အောင်နေဖို့ရယ်၊ ကိလေသာထူပြောနေသူကြားထဲမှာ ကိလေသာ မရှိဘဲနေတတ်ရမယ်။ လူအများစုက ကာမဂုဏ်ချမ်းသာတွေဖြင့်နေတာ များပါတယ်၊ အဲဒီလို ကိလေသာကိုမထိန်းနိုင်သူတွေကြားထဲမှာ ကိလေသာကို ပါးအောင်ကျင့်ကြံဖြင့် နေပါလို့ပြောချင်တာပါ။ မလိုတာတွေနဲ့အလုပ်ရူပ်နေတဲ့သူတွေကြားထဲမှာ လိုတာလောက်သာရှာပြီးနေပါ။ အဓိကကတော့ မိမိရရှိထားတဲ့ ဘ၀မှာ ရရှိသလောက်လေးဖြင့်တင်တိမ်ရောင်ရဲတတ်အောင်နေပါလို့ပြောချင်တာပါ။ ဒါဆိုရင် ရတနာထိုက်သော တတိယစကားတစ်ခွန်းဖြင့် မနေသူတွေကြားထဲမှာနေသူအဖြစ်နေတတ်အောင်နေပါလို့ တိုက်တွန်းလိုက်ရပါတယ်..။

(၄) ပျော်သူတွေရဲ့ကြားထဲမှာ မပျော်သူအဖြစ်နေပါ
 **************************************
ပျော်သူတွေကြားထဲမှာဆိုတာက ကာမဂုဏ်တွေဖြင့် မူးယစ်ပြီး ဇိမ်ခံစားနေသူတွေရဲ့ကြားထဲမှာ ကာမဂုဏ်အရသာတွေကို တန်းဖိုးရှိရှိအသုံးချပြီး မပျော်သူအဖြစ်နေပါလို့ပြောချင်တာပါ။ ရှေးဆရာတော်ဘုရားကြီးတွေက- “တစ်စ တစ်စ စွန့်ဝံ့မှလျှင်၊ ဘ၀နောက်နောင်ဆက်တိုင်းကောင်းမည်” တဲ့။
အဲဒီတော့ ရရှိထားတဲ့စည်းစိမ်းတွေကို မစွန့်ဝံ့ပဲပျော်ရွှင်စွာခံစား၊ စံစားနေသူ တွေကြားထဲမှာ မိမိက လောကအတွက်၊သာသနာအတွက်၊အများအကျိုးအတွက်လှူဒါန်ပြီးတော့နေတာကိုပဲ ပျော်သူတွေ ကြားထဲမှာ မပျော်သူအဖြစ်နေပါလို့ စတုတ္ထရတနာထိုက်သောစကားလေးတစ်ခွန်းဖြင့်တိုက်တွန်းလိုက်ရပါတယ်..။

Credit : ဦးဇင်း(လပြည့်ဝန်း)၊ သာစည်



အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံးဖြစ်၏။
သံသရာဝယ်၊ ဆွေချင်းကျေးဇူး၊ ရှိခဲ့ဘူး ကို၊ အထူးဆပ်ရန်၊ စိတ်အားသန်ဖြင့်၊ ကျင့်ရန်မှန်စွ၊ မြတ်ဓမ္မကို၊ ဝေငှပေ၏၊
(သီတင်းကျွတ်လဆန်း ၉ ရက်၊ အင်္ဂါနေ့ , 24.10.2012)


No comments:

Post a Comment