မူလစာမျက်နှာ

Thursday, October 3, 2013

တဏှာရဲ့ ကျွန်

လူတွေက ကိုယ့်ကိုယ်ကို လွတ်လပ်တယ်လို့ ထင်တာ။ ဒါပေမဲ့ မလွတ်လပ်ဘူး၊
ခိုင်းရာနေ စေရာသွားနေကြရတာ။ ဘယ်သူက ခိုင်းတုန်း၊ တဏှာက ခိုင်းနေတာ၊
တဏှာစေရာ သွားနေကြရတာ၊ လိုချင်မှု လောဘ ဆိုတဲ့ တဏှာက ခိုင်းတာကို လုပ်နေကြတာ၊
ဒါကြောင့်မို့ လူတွေက ကိုယ့်ကိုယ်ကို လွတ်လပ်တယ် independent လို့ ပြောနေကြပေမယ့်
တကယ်တော့ မလွတ်လပ်ဘူး၊ တဏှာက အုပ်စိုးနေတာ၊ ဟုတ်ရဲ့လား၊
တဏှာရဲ့ အုပ်ချုပ်မှုကို ခံနေကြရတာဖြစ်တယ်။

လောကမှာ လူတွေက ပြောကြသေးတယ်နော်၊ အဖော်မရှိဘူး၊ တစ်ယောက်တည်း နေတာတဲ့။
တစ်ယောက်တည်းနေတယ် ထင်ပေမယ့် ဘယ်ဟုတ်မတုန်း၊ တကယ်တော့ အဖော်နဲ့နေတာပဲ။
ဘာ အဖော်လဲ၊ တဏှာ အဖော်လေ၊ တဏှာက သူ့အဖော်ပဲ၊ အတွေးလေးနဲ့ကျေနပ်လို့ ဆိုတာ
တဏှာနဲ့နေတာ။ တဏှာအဖော်နဲ့နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဘယ်တော့မှ အဖော်မဲ့ မဟုတ်ဘူး။
အဲဒီရှိနေတဲ့ အဖော်က သူ့ကို အုပ်ချုပ်နေတာ။ တဏှာတစ်ယောက်ဟာ ဘယ်တော့မှ အဖော်မဲ့ မဟုတ်ဘူး။
အဲဒီရှိနေတဲ့ အဖော်က သူ့ကို အုပ်ချုပ်နေတာ။ တဏှာက ခိုင်းတာ၊
မင်း တစ်ယောက်တည်းနေဆိုလို့ သူက တစ်ယောက်တည်း နေရတာပါ။

ဒါကြောင့်မို့ မြတ်စွာဘုရားက တဏှာဒါသော၊ "လောကော - လောကကြီးဟာ၊ တဏှာဒါသော - တဏှာရဲ့
ကျေးကျွန် ဖြစ်၍နေပါပေတော့၏" လို့ ဟောခဲ့တာဖြစ်တယ်။ တို့တစ်တွေ တဏှာရှိသေးသမျှ ကျွန်အဖြစ်က
မလွယ်သေးဘူး။ ဘယ်သူ့ရဲ့ကျွန်လဲ၊ တဏှာရဲ့ကျွန်ပေါ့။ ကျွန်မှ တဏှာကို သိမ်ပြီးရိုသေလေးစားရတာ၊
သူခိုင်းရင် မငြ်းရဲဘူး၊ မငြင်းနိုင်ဘူး၊ တဏှာရဲ့ ကျေးကျွန် ဖြစ်နေတာကိုး။

ကဲ ကိုယ့်ရဲ့ ဘ၀အသွင်ကို ဓမ္မအမြင်နဲ့ကြည့်မယ်ဆိုရင် ဘ၀ကြီးဟာ ကောင်းတယ် ဆိုးတယ်လို့
ပြောနေကြတာ မဟုတ်ဘူးနော်၊ လောကအမြင်မှာတော့ ဘ၀ဆိုတာ ပျော်စရာကြီးလို့ ထင်ကြတာ၊
တချို့ကလည်း ဘ၀ဆိုတာ ငြီးငွေ့စရာကြီးလို့ ပြောတယ်။

အခု ဓမ္မအမြင်နဲ့ ကြည့်လိုက်တော့ -
(၁)    ဘ၀ဆိုတာ မကောင်းတဲ့ဆီ တွန်းပို့တာ ခံနေရတာ၊ အခြေအနေက တည်ငြိမ်နေတာ မဟုတ်ဘူး။
(၂)    အဲဒီတွန်းပို့ခံနေရတဲ့ မတည်ငြိမ်တဲ့ ဘ၀ကြီးမှာ အကာအကွယ်မဲ့နေတယ်။
(၃)     ဘ၀ကြီးမှာ ပိုင်ဆိုင်တယ်ဆိုတာ တစ်ခုမှ မရှိဘူး၊ အားလုံးထားခဲ့ရမှာဖြစ်တယ်။
(၄)    ဘ၀ကြီးဟာ အမြဲတမ်း လိုပြီးတော့နေတယ်၊ ဘယ်တော့မှ ရောင့်ရဲတင်းတိမ်တယ်ဆိုတာ မရှိဘူး။
(၅)    တို့ဟာ တဏှာရဲ့ ကျွန် ဖြစ်နေကြတယ်။
ဟော ဘ၀နဲ့ပတ်သက်ပြီး ဒါတွေကို ဒီလိုမြင်မှ ဓမ္မနဲ့မြင်တယ်လို့ ပြောရမှာနော်။

ယခုလို ဘ၀ရဲ့အသွင်အပြင်ကို ဓမ္မအမြင်နဲ့ ကြည့်လိုက်တဲ့အခါမှာ....
ဘ၀မှာ သာယာစရာတွေ ရှိသလို.. အပြစ်တွေလည်းရှိတယ်။
ဘ၀ရဲ့ ထွက်ပေါက် exit ဆိုတာလည်းရှိတယ်။ အဲဒီ ထွက်ပေါက်ဆိုတာ ဘ၀ကို
ဖြစ်ပေါ်စေတဲ့၊ ဘ၀ကို တွယ်တာတဲ့ တဏှာကို ဖယ်ရှားပစ်တာဖြစ်တယ်။
တဏှာကို ဖယ်ရှားပစ်ဖို့က မဂ္ဂရှစ်ပါး အကျင့်တရားကို ကျင့်ရမှာပဲ ဖြစ်တယ်။
ဒီအကျင့် လမ်းကြောင်းအတိုင်း လျှောက်လမ်းမယ်ဆိုရင်တော့ ဘ၀နိရောဓ ဆိုတဲ့
ပန်းတိုင်ကို မျက်မှောက်ပြုနိုင်ကြမှာ ဖြစ်ပါတယ်။
တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့သည် ဘ၀အသွင်ကို ဓမ္မအမြင်ဖြင့်
ကြည့်ပြီးလျှင် "ဘ၀နိရောဓ" လို့ဆိုတဲ့ နိဗ္ဗာန်ချမ်းသာကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။
(သာဓု... သာဓု... သာဓု ပါ အရှင်ဘုရား......။)

ဆရာတော် ဒေါက်တာနန္ဒာမာလဘိဝံသ ၏
"ဘ၀အသွင်ကို ဓမ္မအမြင်ဖြင့် ရှုကြည့်ခြင်း" တရားတော်မှ ကောက်နုတ်ထားပါသည်။

သံသရာဝယ်၊ ဆွေချင်းကျေးဇူး၊ ရှိခဲ့ဘူး ကို၊
အထူးဆပ်ရန်၊ စိတ်အားသန်ဖြင့်၊
ကျင့်ရန်မှန်စွ၊ မြတ်ဓမ္မကို၊ ဝေငှပေ၏၊

ဓမ္မမိတ်ဆွေအပေါင်း ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းများစွာဖြင့် ပြည့်စုံနိုင်ပါစေရှင်..
မိုးတိမ်လွင်ပြင်(Pakokku)
3.10.2013

လိုနေတုန်းပဲ

ဘ၀နဲ့ပတ်သက်ပြီး ဟောဒီလို ဆင်ခြင်စဉ်းစားကြည့်လိုက်တော့ ဘာမှ တွယ်တာချင်စရာ မရှိဘူး၊
အားလုံးထားပြီးသွားရမယ်။ ကဲ ကောင်းပြီ၊ ထားသွားရမယ်ဆိုတော့ လူတွေရဲ့လိုချင်လောဘဟာ
ပြည့်သွားလားဆိုတော့ ပြည့်မသွားဘူး။

"ဦးနော လောကော"
လောကော - လောကကြီးဟာ၊ ဦးနော - အမြဲတမ်းလိုလျက်၊ ဟာလျက်သာ ရှိနေပါပေတော့၏။

ကားတစ်စီးရှိရင် နောက်တစ်စီးရှိဦးမှ၊ ဈေးဝယ်သွားတဲ့အခါ ဒါလေးနဲ့ အဆင်ပြေတယ်။
ဘုရားသွား ကျောင်းတက်စီးဖို့က ဒါလေးနဲ့မှ၊ နောက်တစ်စီးရှိဦးမှ၊ နောက်တစ်စီးဆိုတော့ လုံလောက်ပြီလား၊
ဟော မလုံလောက်သေးဘူး၊ နောက်တစ်စီးတော့ရှိထားဦးမှ၊ ဒါလေးက သားအတွက်၊ ဒါလေးက သမီးအတွက်၊
ဒီပြင် ခိုင်းတဲ့လူတွေအတွက်က တစ်စီး၊ တစ်စီးပြီး တစ်စီး ပြီးတယ်လို့ကို မရှိတော့ဘူး။

နေစရာ အိမ်ကရော ပြီးရဲ့လား၊ အိမ်လေးတစ်လုံးရှိရင် မပြီးသေးဘူး၊ နောက်တစ်လုံး ရချင်သေးတာ၊
ဟော ရန်ကုန်မှာ အိမ်တစ်လုံးဆိုရင် နွေရာသီနေဖို့ ပြင်ဦးလွင်မြို့မှာ အိမ်တစ်လုံး လိုဦးမှာပဲ။
ဟို သံတောင်ဘက်မှာ အိမ်တစ်လုံး၊ လိုဦးမှာပဲ၊ ဟော လေညှင်းခံဖို့ ငပလီမှာ တစ်လုံးလိုဦးမှာပဲ၊
ဘယ်တော့မှ မဆုံးဘူး။

ဒါ ရည်ရွယ်ပြီး မြတ်စွာဘုရားက "လောကော - လောကကြီးဟာ၊
ဦးနော - အမြဲတမ်းလိုလျက်၊ ဟာလျက်သာ ရှိနေပါပေတော့၏" လို့ ဟောတာဖြစ်တယ်။
ဘယ်သူမှ "အေး လုံလောက်ပြီ၊ ငါ မရှာတော့ဘူးလို့" ဆိုတာ မရှိဘူး။ ရှိတောင် အင်မတန်မှ ရှားတယ်။
ရမယ်ဆိုရင် ယူဦးမှာပဲ။ အတိတ္တော - တင်းတိမ်မှု contentment ဆိုတာ မရှိဘူး။

ဘယ်ဟာမှ ကျေနပ်ပြီးရောင့်ရဲသွားတယ်လို့ မရှိဘူး၊ အမြဲတမ်း လိုနေဦးမှာပဲ။ သိန်းတစ်ရာရှိတဲ့ လူကလည်း
လိုနေသေးတယ်၊ မလောက်သေးဘူး၊ သိန်းတစ်ထောင်ရှိမှ၊ သိန်းတစ်ထောင်လည်း နည်းသေးတယ်၊
မလောက်သေးဘူး၊ ရှာဦးမှာပဲ။ ကုမ္ပဏီလည်း တစ်ခုဖွင့်ရင် မရသေးဘူး၊ နောက် တစ်ခု ထပ်ဖွင့်ရမယ်။
လေယာဉ်ပျံတောင် တစ်စင်းပြီးရင် နှစ်စင်း၊ နှစ်စင်းပြီးရင် သုံးစင်း ရှိနေရဦးမှာပဲလေ။
အဲဒီလို အမြဲတမ်း  လိုနေမှာပဲ၊ ဒါ လူ့ရဲ့ သဘာဝကို ပြောတာ။

ဘုန်းကြီးတို့ ငယ်ငယ်တုန်းက စစ်ကိုင်းတောင်မှာ တရားဟော နာမည်ကြီးတဲ့ ၀ိဇ္ဇာဒယဆရာတော်ကြီး
ဆိုတာရှိတယ်၊ အဲဒီ ဆရာတော်ကြီး ဟောတဲ့ထဲမှာ လူတွဟာ မတင်းတိမ်နိုင်ဘူး၊
အမြဲတမ်း လိုနေတယ် ဆိုတာနဲ့ ပတ်သက်ပြီး လောဘရဲ့ အတော်မသတ်နိုင်ပုံကို
ဆရာတော်ကြီးက ပုံဝတ္ထုလေးတစ်ခုနဲ့ ဟောထားတာရှိတယ်။

တစ်ခါတုန်းက လက်ညှိုးထိုးမလွဲအောင် မြေတွေကို ချမ်းသာလှတဲ့ မြေပိုင်ရှင်သူဌေးကြီးတစ်ဦးက
သူ့ရဲ့ အလုပ်သမားတစ်ယောက်ကို "ကဲ မင်း ငါ့ရဲ့အလုပ်ကို ကြိုးကြိုးစားစားလုပ်တယ်၊
မင်းကို ငါပိုင်တဲ့မြေတွ ခွဲပေးမယ်၊ မင်းကြိုက်သလောက်ယူ၊ ဒီကနေ မင်းပြေး၊ မင်းတော်ချင်တဲ့
နေရာရောက်မှရပ်" လို့ ပြောတယ်၊ ဟုတ်ရဲ့လား၊
အဲဒီလူက သဘောကျတာပေါ့၊ မြေတွေ ဧကပေါင်းများစွာ သူ ရမှာကိုး။

သူဌေးကြီး ပြေားထားတဲ့အတိုင်း သူလိုချင်တဲ့မြေရဖို့ ပြေးလိုက်တာ၊ ပြေးရင်း သူနောက်ပြန်လှည့်ကြည့်တယ်၊
နည်းသေးတယ်ထင်လို့ ထပ်ပြေး၊ လှည့်ကြည့်လိုက် နည်းသေးတယ်ဆိုပြီး ပြေးလိုက်၊ ထပ်ပြေးရင်း ပြေးရင်းနဲ့
နောက်ဆုံးမှာ အမောဆို့ပြီး လဲကျသွားတယ်။ လဲကျသွားပြီးတော့ အဲဒီနားမှာပဲ သေဆုံးသွားပါလေရော။
သူဌေးကြီး စိတ်မကောင်းစွာ ခေါင်းလေးတညိတ်ညိတ်နဲ့ ဘာပြောတုန်းဆိုတော့
"ငါကတော့ မင်းလိုချင်သလောက် ပေးမလို့ပါပဲ။ မင်းကတော့ ၆ - ပေလောက်နဲ့ပဲ တန်တာကိုး" ဆိုပြီးတော့
၆ - ပေတွင်းလေး တူးပြီးတော့ မြှုပ်လိုက်သတဲ့။

အဲသလို လူ့လောဘဟာ ဘယ်လောက်ပဲရှိရှိ နောက်ဆုံးတော့ ၆ - ပေတွင်းထဲပဲ သွားမှာမဟုတ်လား။
မြေကြီးထဲမြုပ်ရင်ပေါ့လေ၊ အခုခေတ်တော့ မီးသင်္ဂြိုဟ်စက်ထဲ ထည့်လိုက်တာမျိုး ဖြစ်နေပြီပေါ့နော်။

ပြောမယ်ဆိုရင်တော့ သေတ္တာရှည်ကြီးထဲ ၀င်သွားရတာပေါ့။
တကယ်စဉ်းစားကြည့်ရင် ခုခေတ်မှာ နေတော့လည်းပဲ သေတ္တာအိမ်ကြီးတွေထဲမှာ နေကြတာ။
အိမ်ပေါ်က ဆင်းတော့လည်း သေတ္တာကြီးနဲပဲ ဆင်းသွားတာ၊
ဟိုရောက်တော့လည်း သေတ္တာကြီးထဲမှာ အိပ်ပြီးတော့ သေတ္တာကြီးနဲ့ပဲ မီးလောင်ခံရတာပဲလေ၊
သြော် ဘ၀ဆိုတာ ဒီလိုပါပဲ။

လူတွေမှာ ဆန္ဒပြည့်တယ်ဆိုတာ မရှိဘူးတဲ့။ ဒါကြောင့် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက-
"လောကော - လောကကြီးဟာ၊ ဦးနော - အမြဲတမ်းလိုလျက်၊ ဟာလျက်သာ ရှိနေပါပေတော့၏၊
အတိတ္တော - မည်သည့်အခါမှ ကျေနပ်ခြင်း ရောင့်ရဲတင်းတိမ်ခြင်း မရှိပါဘဲ၊
တဏှာ ဒေါသော - တဏှာရဲ့ ကျေးကျွန်သာ ဖြစ်ပါပေတော့၏။
ဣတိ - ဤသို့၊ ဘဂ၀ါ - ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊
အဝေါစ - ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေသတည်း။"
(သာဓု... သာဓု... သာဓု ပါ အရှင်ဘုရား။။။။။)

ဆရာတော် ဒေါက်တာနန္ဒာမာလဘိဝံသ ၏
"ဘ၀အသွင်ကို ဓမ္မအမြင်ဖြင့် ရှုကြည့်ခြင်း" တရားတော်မှ ကောက်နုတ်ထားပါသည်။

သံသရာဝယ်၊ ဆွေချင်းကျေးဇူး၊ ရှိခဲ့ဘူး ကို၊
အထူးဆပ်ရန်၊ စိတ်အားသန်ဖြင့်၊
ကျင့်ရန်မှန်စွ၊ မြတ်ဓမ္မကို၊ ဝေငှပေ၏၊

ဓမ္မမိတ်ဆွေအပေါင်း ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းများစွာဖြင့် ပြည့်စုံနိုင်ပါစေရှင်..
မိုးတိမ်လွင်ပြင်(Pakokku)
3.10.2013


ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ်ပါစေ


ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ်ပါစေ
*************************
ရေချမ်းသစ်သီး၊ ပန်းဆီမီးကို
ခိုင်ဖြီးသဒ္ဓါ၊ လှူပြီးကာမျှ
ငါ့မှာ ကောင်းကျိုး၊ အလွန်တိုးဟု
ယုံကိုးစိတ်ထဲ၊ မရာင့်ရဲနှင့်။
မစဲညနေ့၊ ဘုရားရှေ့တွင်
ပျော်မွေ့မြတ်နိုး၊ မြဲရှိခိုး၍
ကောင်းကျိုးပွားစည်၊ ကြီးလှပြီဟု
ယုံကြည်အားရ၊ စိတ်မချနှင့်။
ဓာရဏနှင့်၊ ဓမ္မစကြာ
မေတ္တာပဌာန်း၊ ရွတ်နိုင်စွမ်းကြောင့်
ရွှင်လန်းပီတိ၊ ဂွမ်းဆီထိကာ
ကြီးမည့်တေဇော်၊ မစောင့်မျှော်နှင့်။
ဂုဏ်တော်ပုတီး၊ သက်စေ့ပြီးအောင်
ဇွဲကြီးခိုင်မာ၊ ငြိမ်သက်စွာဖြင့်
သဒ္ဓါကြည်ယုံ၊ စိပ်ပြီးရုံဖြင့်
လုံလောက်လှပြီ၊ မရပ်တည်နှင့်။
ရေကြည်သစ်သီး၊ ဆီမီးလှူမျိုး
ရှိခိုးဝတ်ရွတ်၊ စေလွှတ်မေတ္တာ
တစ်ရာ့ရှစ်သီး၊ စိပ်ပုတီးကို
မငြီးဆင့်ကဲ၊ စိပ်မြဲစိပ်ပါ၊ မဖြတ်ပါနှင့်။
ဆက်ကာတစ်မျိုး၊ ရှေ့သို့တိုး၍
အကျိုးနိဗ္ဗာန်၊ မျှော်ရိုးမှန်က
ရုပ်နာမ်ခွဲခြား၊ ကျင့်တရားသာ၊ သံသရာဝဋ်
ထွက်လွတ်စေကြောင်း၊ လမ်းမှန်ကောင်းဟု
ညွတ်ပျောင်းစိတ်ထဲ၊ ယုံကြည်စွဲလျှက်
အမြဲနေ့ည၊ ကြိုးလုံ့လမှ
ဗုဒ္ဓခေတ်မြတ်၊ တွေ့ကျိုးနပ်မည်
ကြပ်ကြပ်သတိရှိပါစေ။ ။

အဓိပ္ပါယ်ရှင်းပြစရာမလိုပါဘူး၊ ဒါနတွေပြုနေရုံနဲ့ မကျေနပ်ပါနဲ့ဦး၊
ဘုရားရှိခိုးနေရုံနဲ့ မကျေနပ်ပါနဲ့ဦး၊ ပရိတ်ပဌာန်းတွေ ရွတ်နေရုံနဲ့ မကျေနပ်ပါနဲ့ဦး၊
ဂုဏ်တော်ပုတီးတွေ စိပ်နေရုံနဲ့ မကျေနပ်ပါနဲ့ဦး။
ဒါပေမဲ့ အဲဒါတွေကို ဖြတ်စရာမလိုပါဘူးတဲ့၊ လှူမြဲလှူပါ၊
သီလတွေလဲ ဆောက်တည်မြဲဆောက်တည်ပါ၊
ပရိတ်ပဌာန်းတွေလည်း ရွတ်မြဲရွတ်ပါ၊
ဂုဏ်တော်ပုတီးတွေလည်း စိပ်မြဲစိပ်ပါ၊ မဖြတ်လိုက်ပါနဲ့။

ဒါပေမယ့် အဲဒီလောက်နဲ့တော့ ရပ်မနေပါနဲ့ဦး၊
နိဗ္ဗာန်ကိုတကယ်လိုချင်တယ်ဆိုရင်တော့ ၀ိပဿနာအလုပ်ကိုလည်း ဆက်ပြီးတော့ အားထုတ်ပါဦးတဲ့၊ ၀ိပဿနာအလုပ်ကို တကယ်အားထုတ်မှ အားထုတ်တဲ့အတိုင်းလည်း မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်နဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါမှ မြတ်စွာဘုရားရဲ့ သာသနာတော်နဲ့ တွေ့ရကျိုးနပ်ပါလိမ့်မယ်တဲ့

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) ရေးသားတော်မူသော
"ရဟန်းဘာကြောင့်ပြုရတယ်" စာအုပ်မှ ထုတ်နှုတ်ဖော်ပြပါသည်။

သံသရာဝယ်၊ ဆွေချင်းကျေးဇူး၊ ရှိခဲ့ဘူး ကို၊
အထူးဆပ်ရန်၊ စိတ်အားသန်ဖြင့်၊
ကျင့်ရန်မှန်စွ၊ မြတ်ဓမ္မကို၊ ဝေငှပေ၏၊

ဓမ္မမိတ်ဆွေအပေါင်း ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းများစွာဖြင့် ပြည့်စုံနိုင်ပါစေရှင်..
မိုးတိမ်လွင်ပြင်(Pakokku)
3.10.2013
 

ကိုယ်ပိုင်ဥစ္စာ မရှိ

ကိုယ်ပိုင်ဥစ္စာ မရှိ
***************
လောကကြီးမှာ တချို့ပုဂ္ဂိုလ်တွေက အဆင်ပြေတယ်၊ တိုက်နဲ့ကားနဲ့၊
ကားမှ တကယ့် modern မြင့်တဲ့ကားနော်။
တိုက်ကလည်း အင်မတန်အဆင့်မြင့်တဲ့ လုံးချင်းအိမ်၊ သိန်းတစ်ထောင်လောက်တန်တဲ့ တိုက်ကြီးပေါ့။
ဒီတော့ ဒီလို ပစ္စည်းဥစ္စာတွေရှိကြတယ်။ ဘယ်ကုမ္ပဏီကြီးကိုပိုင်တယ်၊ ကားကြီးက ဘာကားကြီးစီးတာ၊
ချမ်းသာတဲ့ ပုဂ္ဂိုလ်တွေမှာ စာရင်းတွက်ထားလိုက်မယ်ဆိုရင် ပိုင်ဆိုင်တာတွေ နည်းမှာမဟုတ်ဘူး။
ဒါသူပိုင်တာပေါ့။

မြတ်စွာဘုရားက ဒါတွေကို ဓမ္မအမြင်နဲ့ကြည့်ရင် တစ်မျိုးမြင်ရမယ်တဲ့၊
"လောကော-လောကကြီးမှာ၊ အဿကော- ကိုယ်ပိုင်ဥစ္စာဆိုတာ မရှိပါ"
(ဟော ဓမ္မအမြင်နဲ့ ကြည့်မယ်ဆိုရင် ကိုယ်ပိုင်တဲ့အရာဆိုတာ မရှိဘူးတဲ့၊)
ဘာဖြစ်လို့လဲ၊ သဗ္ဗံ- ရှိသမျှပစ္စည်းဥစ္စာကို ပဟာယ ဂမနီယံ- ထားပြီးတော့ သွားရမှာဖြစ်တယ်။

ကိုယ်ပိုင်တယ်ဆိုလို့ ယူသွားလို့ရလား၊ မရဘူး၊ အားလုံး ထားခဲ့ရတာချည်းပဲ။ မထားခဲ့ဘဲနဲ့ ယူသွားလို့မရဘူး၊
ဘယ်လောက်ပိုင်ပိုင် ဟုတ်လား။ ဘာကြီးတွေပိုင်ပိုင်၊ ပိုင်သမျှဟာတွေ အကုန်ထားခဲ့ရတာပဲ။
နောက်ဆုံးမှာ ကိုယ်ချည်းပဲသွားရတာ၊ ဒီအထဲမှာ မီးသင်္ဂြိဟ်တဲ့သူတွေက
အင်္ကျီတောင် ကောင်းရင်ချွတ်ယူကြဦးမယ်။ ပြောသံ ကြားဖူးတာပေါ့။
ရွှေသွား စိုက်ထားလို့ရှိရင် ပါးစပ်ဖြဲပြီးတော့ ရွှေသွားထုတ်ယူကြတယ်။
အဲဒီတော့ ရှိသမျှ ဘာကိုမှ ကိုယ်ယူသွားလို့မရဘူးတဲ့။ ဟော ကိုယ်ပိုင်ဥစ္စာဆိုတာ ဘာမှမရှိဘူး။

ကဲ စဉ်းစားကြည့်လေ၊ ကြည့်လိုက်ကြရအောင်၊ ဒီနားမှာ ရွှေတိဂုံဘုရားကြီးရှိတယ်။
ရွှေတိဂုံဘုရားကြီးကို စပြီးတော့တည်သွားတဲ့ ဘုရားဒကာတွေ ရှိသေးလား၊ မရှိတော့ဘူး၊
ရွှေတိဂုံဘုရားကြီးကိုထားပြီး သွားကြပြီလေနော်။ နောက် ရွှေတိဂုံဘုရားကြီးကို စောင့်ရှောက်ပြီးတော့
ရွှေတိဂုံဘုရားကြီးကို ထပ်ဆင့်ပြီးတည်သွားတဲ့ ရှင်စောပု မိဖုရားကြီး ရှိသေးလား၊ မရှိတော့ဘူး။
ဘုရားကို ထားခဲ့ရတယ်လေ၊ အကုန်ပြန်ကြည့်။

ဒီနားမှာ တစ်ချိန်တုန်း ခုတရားပွဲကြီး ကျင်းပနေတဲ့ ဓမ္မရုံကြီးနေရာ (ယခု မင်္ဂလာဈေးဓမ္မာရုံ)ဟာ
ဘယ်သူပိုင်ခဲ့တာတုန်း၊ လိုက်ကြည့်လိုက်၊ ပိုင်ရှင်တွေ အများကြီးပဲ၊ ဟုတ်ရဲ့လား၊
အဲဒီပိုင်ရှင်တွေ မရှိတော့ဘူး။ အကုန်ထားခဲ့ရတာချည်းပဲ။ တစ်ခုမှ ယူမသွားနိုင်ကြဘူး။

အဲဒါကြောင့်မို့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက "လောကော- လောကကြီးမှာ၊
အဿကော- ကိုယ်ပိုင်ဥစ္စာဆိုလို့ တစ်ခုမှ မရှိပါ" လို့ ဆင်ခြင်စဉ်းစားရမယ်တဲ့။
ဒါဖြင့် ဒီလိုဆင်ခြင်တွေးတောလိုက်တော့ ဘာဖြစ်တုန်း၊ ပစ္စည်းအပေါ်မှာရှိတဲ့ တဏှာတွေ
လျော့ကျမသွားဘူးလား။ ဆင်ခြင်တွေးတောခြင်း contemplation ဆိုတာ အကျိုးရှိတယ်၊
ဒီလိုစဉ်းစားလိုက်တော့၊ ငါပိုင်တာ တစ်ခုမှမရှိပါ့လား၊ ဒီပစ္စည်းတွေ တစ်နေ့တော့ ထားခဲ့ရမယ့်ဟာတွေပဲ၊
ဒီလိုသိရင် ကောင်းတဲ့အလုပ်ကို မလုပ်ဖြစ်ပေဘူးလား၊ လုပ်ဖြစ်တယ်။

အဲဒီလို မတွေးမိတဲ့ ပုဂ္ဂိုလ်တွေကျတော့ ဒီပစ္စည်းတွေကို တတွယ်တွယ် တတာတာနဲ့
လောဘတွေ တိုးပွားလာမယ်၊ မစ္ဆရိယတွေ များလာမယ်၊
ပစ္စည်းတွေကို တွယ်တာလွန်းရင် မြတ်စွာဘုရားဟောသလို ရက္ခိုသ်စောင့်တဲ့
ရေကန်ကြီးထဲက ရေတွေလိုပဲတဲ့၊ ဘယ်သူ့အတွက်မှ မသုံးမကျဘဲ
နောက်ဆုံး ဒီပစ္စည်းတွေက မင်းဘဏ္ဍာဖြစ်သွားတယ်၊ ဒါကြောင့် ဒီလို ဆင်ခြင်စဉ်းစားပါတဲ့။

"လောကော - လောကကြီးမှာ၊ အဿကော - ကိုယ်ပိုင်ဥစ္စာဆိုတာမရှိပါ၊ သဗ္ဗံ - ရှိသမျှပစ္စည်းဥစ္စာကို၊
ပဟာယ ဂမနီယံ - အကုန်ထားပြီးတော့ သွားရမှာ ဖြစ်တယ်ရယ်လို့၊ ဂဘ၀ါ - ရွှေဘုန်းတော်သခင်
ရှင်တော်မြတ်ဘုရားသည်၊ အဝေါစ - ကောင်းစွာမသွေ ဟောကြားတော်မူခဲ့ပါပေသတည်း"
(သာဓု.. သာဓု.. သာဓု.. ပါဘုရား)

ဆရာတော် "ဒေါက်တာနန္ဒာမာလဘိဝံသ" ၏
"ဘ၀အသွင်ကို ဓမ္မအမြင်ဖြင့် ရှုကြည့်ခြင်း" တရားတော်မှ ကောက်နုတ်ထားပါသည်။

အလှူအားလုံးတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်သည်။
"သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ" - အလှူအားလုံးထဲမှာ တရားအလှူဟာ အအောင်နိုင်ဆုံး၊
အမြတ်ဆုံးလို့ ဘာကြောင့်ဟောကြားရတာလဲဆိုရင် ဒီတရားကိုနာရမှ ဒါနဖြစ်တာ၊
သီလဆောက်တည်ဖြစ်တာ၊ ဘာဝနာပွားများဖြစ်တာ။
တရားနာကြားခွင့်မရရင် ဘာကုသိုလ်မှ မဖြစ်တော့ဘူး။
ဒါကြောင့် အလှူအားလုံးထဲမှာ တရားအလှူဟာ အမြတ်ဆုံးလို့ မြတ်စွာဘုရားကဟောထားတာပါ။

ဓမ္မမိတ်ဆွေအပေါင်း ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းများစွာဖြင့် ပြည့်စုံနိုင်ပါစေရှင်..
မိုးတိမ်လွင်ပြင်(Pakokku)
2.10.2013
ဆရာတော်ကြီး၏ ပုံတော်အား => https://www.facebook.com/photo.php?fbid=160024920840752&set=a.109901099186468.17139.109899585853286&type=1&theater မှ ကူးယူဖော်ပြပါသည်။

ဘ၀အသွင်ကို ဓမ္မအမြင်ဖြင့် ရှုကြည့်ခြင်း

လူတိုင်းလူတိုင်း ဘ၀တစ်ခုစီ ရရှိထားကြလို့ လူတိုင်းလူတိုင်းမှာ ကိုယ်စီ ဘ၀ကလေးတွေရှိနေကြတယ်။
သို့သော် ဘ၀နဲ့ပတ်သက်ပြီးတော့ တစ်ဦးနှင့်တစ်ဦး အမြင်ချင်း အတူကြပေဘူး။
တချို့က ဘ၀ကို ပျော်စရာလို့မြင်ကြတယ်။ တချို့က ဘ၀ကို ငြီးငွေ့စရာလို့ မြင်ကြတယ်။

ဘ၀မှာ အဆင်ပြေနေတဲ့ ပုဂ္ဂိုလ်တွေက "တို့ ရ,ထားတဲ့ ဘ၀ဟာ သာတောင့်သာယာရှိတယ်၊
အင်မတန်မှကောင်းတယ်လို့ ဘ၀ကို အကောင်းမြင်တဲ့ ပုဂ္ဂိုလ်တွေရှိသလို" ဘ၀မှာ အဆင်မပြေတဲ့
ပုဂ္ဂိုလ်တွေကျတော့ "အို... ဘ၀ကြီးကလည်း ငြီးငွေ့စရာကောင်းလိုက်တာ" တဲ့၊ ဒီလိုဘ၀ကနေ
ထွက်ပြေးချင်တဲ့စိတ်တွေ ပေါ်လာလောက်အောင် ဘ၀ကို စက်ဆုပ်ရွံမုန်းတဲ့ ပုဂ္ဂိုလ်တွေလည်းရှိတယ်။
ဒီလို ဘ၀နဲ့ ပတ်သက်ပြီးတော့ အမြင်အမျိုးမျိုးရှိကြတယ်။

ဘ၀ကို ကောင်းတယ်. သာယာတယ်. လှပတယ်လို့ မြင်တဲ့ ပဂ္ဂိုလ်တွေက တစ်မျိုး၊ ဘ၀ကို အရုပ်ဆိုး
အကျည်းဆန်တယ်လို့ မြင်တဲ့ ပုဂ္ဂိုလ်တွေက တစ်မျိုးတဲ့။ ထိုနှစ်မျိုးစလုံးရဲ့ အမြင်တွေဟာ သေချာစဉ်းစား
ကြည့်လို့ရှိရင် ဓမ္မအမြင်နဲ့မြင်တဲ့ အမြင်မျိုးမဟုတ်ဘူး။ ဘ၀ကို လှတယ်. ပတယ်. သာယာတယ်..
ပျော်စရာကောင်းတယ်လို့ဆိုတဲ့ ပုဂ္ဂိုလ်တွေ ကုသိုလ်ကောင်းမှု လုပ်တိုင်းလုပ်တိုင်း  ဒီ့ထက်ကောင်းတဲ့ဘ၀ကို
မျှော်လင့်တောင့်ထပြီးတော့ ကောင်းသထက်ကောင်းတဲ့ ဘ၀ကို ဆုတောင်းပြီးတောင် ယူကြတယ်နော်။
အင်မတန် တိုတောင်းတဲ့ ဘ၀ကလေးတောင်မှ တချို့ပုဂ္ဂိုလ်များက ဘ၀ဟာ အင်မတန်တိုတယ်၊
ရနိုင်သမျှ ပျော်ပျော်ကလေးနေရမယ်၊ ပျော်ပျော်နေ သေခဲလို့ ဆိုပြီးတော့ ဘ၀မှာ အပျော်ရှာပြီးတော့
အကောင်းဘက်က တွေးနေကြတယ်။

အနောက်တိုင်းကလူတွေ ပြောလေ့ရှိကြတယ်၊ Life is too short. Enjoy yourself. ဘ၀ကလေးဟာ
တိုတိုလေးပဲ၊ ပျော်ပျော်နေပါတဲ့။ ဘုန်းကြီးတို့ အမေရိကမှာနေတုန်းက The Love Boat ဆိုတဲ့ ရုပ်ရှင်ကား
ကြည့်ဖူးတယ်။ အဲဒီမှာ အဘိုးကြီး အမယ်ကြီးတွေ ဘာမှ မလုပ်မရှိ အကိုင်မရှိတော့ ပျင်းရိငြိငွေ့ပြီး
အပျော်ရှာတဲ့အကြောင်းကို ရိုက်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်တယ်။
အဲဒီ ဇာတ်ကားထဲမှာ သင်္ဘောကြီးပေါ်မှာနေတုန်းကတော့ အလွန်ပျော်ကြတယ်။
ပြန်လည်ရောက်လာလို့ သင်္ဘောကနေ ဆင်းကြတဲ့အခါမှာ အဘိုးကြီး
အမယ်ကြီးတွေ မျက်ရည်စက်လက်နဲ့ ၀မ်းနည်းပန်းနည်း ငိုယိုကြတာကို တွေ့ရတယ်။

ဒါကြောင့် လောကကြီးမှာ ပျော်စရာရှာပေမယ့်လို့ ပျော်စရာချည်းတွေ့တာ မဟုတ်ဘူး။
အကောင်းထင်ပြီးတော့ ရှာပေမယ့်လို့ အကောင်းချည်းတွေ့တာ မဟုတ်ဘူး။
ဘ၀ဆိုတာ အကောင်းအဆိုး ရောနေတာ၊ ကောင်းတဲ့ အကွက်ကလေးတွေရှိတယ်။
ဒါကြောင့်မို့လို့ လူတွေဟာ ဘ၀ကြီးမှာ ပျော်နေကြတာပေါ့။
ဘယ်အရာပဲဖြစ်ဖြစ် အကောင်းရှိသလို အဆိုးလည်းရှိတယ်။

ဘုန်းကြီးတို့ ဗုဒ္ဓစာပေမှာ 'အဿာဒ' နှင့် 'အာဒီန၀' ခွဲခြား ဖော်ပြလေ့ရှိတယ်။ လောကမှာ ကျေနပ်စရာ၊
ကြိုက်နှစ်သက်စရာ၊ ပျော်ရွှင်စရာ၊ စွဲမက်စရာ attractive ဆိုတာ ရှိတယ်။ အဲဒါကို 'အဿာဒ'
enjoyment လို့ခေါ်တယ်။ ဘ၀မှာ ကြိုက်နှစ်သက်စရာ တွေရှိတယ်၊
ဘ၀ကို အကြောင်းပြုပြီးတော့လည်း ပျော်ကြတယ်၊ ချမ်းသာသုခတွေရကြတယ်၊
အဆင်ပြေနေတဲ့ ဘ၀မှာဆိုလို့ရှိရင်ပျော်လို့ ရွှင်လို့၊
ဒါဘ၀ရဲ့ သာယာမှုကလေးတွေ့ပေါ့နော်။ ဒါကို 'အဿာဒ' လို့ ခေါ်တယ်။

အဲဒီ သာယာမှုလေးတွေဟာ ထာဝရလား ဆိုတော့ ထာဝရမဟုတ်ဘူး။ ခဏကလေးပဲ၊ မတည်မြဲဘူး၊
ယခု ပျော်ရွှင်စရာတွေ့ပေ့မယ့် တော်ကြာ ပျော်ရွှင်စရာတွေ ကုန်ဆုံးသွားတာရှိတယ်။ အဲဒါက ကျေနပ်စရာ
မကောင်းတဲ့အချက်ပဲ။ ဒါကို 'အာဒီန၀' unsatisfactioriness လို့ခေါ်တယ်။

လောကမှာ သတ္တ၀ါတွေ ပျော်ပြီးရင်း ပျော်နေကြတာ ဘ၀မှာ ပျော်စရာရှိလို့သာ ပျော်နေကြတာ။
မျက်စိက အဆင်းအာရုံလေးကို ကြည့်ပြီးတော့ ပျော်ရွှင်မှုကို ရှာကြတယ်။ နားက သာယာတဲ့
အသံကလေးကို နားထောင်ပြီးတော့ ပျော်ရွှင်မှုကို ရှာကြတယ်။ နှာခေါင်းက မွှေးကြိုင်တဲ့ အနံ့ကလေးကို
နမ်းရှူပြီးတော့ ပျော်ရွှင်မှုကို ရှာကြတယ်။ လျှာက ကြိုက်နှစ်သက်တဲ့ အရသာလေးကို ခံစားပြီးတော့
ပျော်ရွှင်မှုကို ရှာကြတယ်။ ခန္ဓာကိုယ်ကြီးကလည်းပဲ သာယာတဲ့ အထိအတွေ့ကလေးတွေကို ထိတွေ့ပြီးတော့
ပျော်ရွှင်မှုကို ရှာကြတယ်တဲ့။ ဘ၀ကို အရင်းအနှီးပြုပြီးတော့ ကြိုက်နှစ်သက်စရာတွေ၊
ပျော်ရွှင်စရာတွေ ရကြတယ်။ ဒါကြောင့် မို့လို့ ဘ၀ကြီးကို ပျော်စရာလို့ မြင်တဲ့ ပုဂ္ဂိုလ်တွေရှိတယ်။

တချိုကတော့ ဘ၀ကြီးနဲ့ ပတ်သက်ပြီးအဆင်မပြေကြဘူး၊ နေရေးထိုင်ရေးလည်း အဆင်မပြေဘူး၊
စားရေးသောက်ရေးလည်း အဆင်မပြေဘူး။ ဒုက္ခသုခတွေ ရောနေတဲ့ ဘ၀ကြီးနဲ့ပတ်သက်ပြီးတော့
ကျေနပ်နှစ်သိမ့်မှု မရရှိတော့ ဘ၀ကြီးကနေ ထွက်ပြေးချင်တဲ့စိတ်တွေ ပေါ်ပေါက်လာကြတယ်။
နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု suicide လုပ်ပြီးတော့
လက်ရှိဘ၀ကနေ ထွက်ပြေးသွားတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။
အဲဒီ ပုဂ္ဂိုလ်တွေဟာ ဘ၀ကို ငြီးငွေ့စရာကြီး၊ စိတ်ပျက်စရာကြီးလို့မြင်တယ်။
အဲဒီ အမြင်နှစ်မျိုး ရှိရာမှာ အကောင်းမြင်တဲ့ ပုဂ္ဂိုလ်တွေကို optimist လို့ ခေါ်တယ်။
အဆိုးမြင်တဲ့ ပုဂ္ဂိုလ်ကျတော့ pessimist လို့ခေါ်တယ်။

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်က လောကမှာ အကောင်းချည်းလည်း မဟုတ်ဘူး၊
အဆိုးချည်းပဲတော့လည်း မဟုတ်ဘူး၊ အဿာဒ လို့ဆိုတဲ့ သာယာစရာတွေ နှစ်သက်စရာတွေ
ရှိသလို အာဒီန၀ဆိုတဲ့ အပြစ်တွေလည်းရှိတယ်။
ဒါကြောင့်မို့လို့ ဒီနှစ်ခုကို ခွဲခွဲခြားခြား ကွဲကွဲပြားပြား သိမြင်တာမှ ဓမ္မအမြင်လို့ ပြောပါတယ်။
realism ပေါ့။ ဒါကြောင့်မို့ ဘ၀ကို အမြင်အမျိုးမျိုးနဲ့ ကြည့်တဲ့အခါမှာ ဘ၀အသွင်ကို ဓမ္မအမြင်နဲ့ ကြည့်ရအောင်။

ဓမ္မအမြင်
~~~~~~
  ဓမ္မ ဆိုတာ အမှန်တရားကို ပြောတာ။
  The law of nature ပေါ့။
ဓမ္မ ဆိုတဲ့ စကားလုံးက အတ္တနော သဘာဝံ ဓာရေတီတိ ဓာရေတီတိ ဓမ္မော၊ သူ့သဘာဝအတိုင်းသူ ဖြစ်နေတာကို
ဓမ္မ လို့ ဒီလိုပြောတာ။ အဲဒီ ဓမ္မ ကို သိတဲ့ အမြင်ဟာ ဓမ္မအမြင်ပဲ၊ ဓမ္မဉာဏ်နဲ့ အမှန်ကို သိမြင်တဲ့အခါကျမှ ဘ၀ဆိုတာ
ဘယ်လိုဟာလဲဆိုတာ သဘောပေါက်လာမှာဖြစ်ပါတယ်။

ဘ၀ရဲ့အသွင်
~~~~~~~~~
လူဘ၀ရဲ့အသွင်ကို ဓမ္မအမြင်နဲ့ ကြည့်ကြတဲ့အခါ လူတိုင်းလူတိုင်းမှာ ကိုယ်စီဘ၀လေးတွေရှိနေကြတယ်။
အဲဒီ ရ,ထားတဲ့ ဘ၀လေးတွေဟာ ဘယ်လို အခြေအနေရှိသလဲဆိုပြီး
လူတိုင်းလူတိုင်း ဆန်းစစ်ပြီးတော့ ကြည့်ကြရမယ်။
ကိုယ် ရ,ထားတဲ့ ဘ၀ကလေးရဲ့ အခြေအနေ ကိုယ်မသိဘူးဆိုလို့ရှိရင် ဒီပုဂ္ဂိုလ်အောက် နမော်နမဲ့နိုင်တာ ဘယ်ရှိမလဲ။
ဒါကြောင့် ကိုယ်ဘ၀ရဲ့ အခြေအနေကို ကိုယ်ကိုယ်တိုင်သိအောင် လုပ်ရမယ်။

တွန်းပို့ခြင်းကို ခံနေကြရ
~~~~~~~~~~~~~~~~~
မြတ်စွာဘုရားက ဘ၀ရဲ့ အသွင်ကို ဓမ္မရဲ့အမြင်ဖြင့် ကြည့်ရှုဖို့ ဆိုပြီးတော့ နည်းလမ်းတွေ ပေးထားတယ်။
" ဥပနီယျတိ လောကော အဓုဝေါ " လောကော- လောကကြီးကို၊ ဥပနီယျတိ- ဇာတိက ဇရာသို့၊
ဇာရာက ဗျာဓိသို့ ဗျာဓိက မရဏသို့ အမြဲတမ်းတွန်းပို့၍ နေပါပေတော့၏။
လောကော- လောကကြီးဟာ၊ အဓုဝေါ-ဘယ်တော့မှ တည်ငြိမ်နေတာ မရှိပေဟူ၍၊ ဘဂ၀ါ-ရွှေဘုန်းတော်သခင်
အရှင်တော်မြတ်ဘုရားသည် အဝေါစ-ကောင်းစွာမသွေ ဟောကြားတော်မူခဲ့ပါပေသတည်း။
(သာဓု.. သာဓု.. သာဓု.. ပါဘုရား)

ဆရာတော် ဒေါက်တာနန္ဒာမာလဘိဝံသ ၏
"ဘ၀အသွင်ကို ဓမ္မအမြင်ဖြင့် ရှုကြည့်ခြင်း" တရားတော်မှ ကောက်နုတ်ထားပါသည်။

သံသရာဝယ်၊ ဆွေချင်းကျေးဇူး၊ ရှိခဲ့ဘူး ကို၊
အထူးဆပ်ရန်၊ စိတ်အားသန်ဖြင့်၊
ကျင့်ရန်မှန်စွ၊ မြတ်ဓမ္မကို၊ ဝေငှပေ၏၊

ဓမ္မမိတ်ဆွေများနှင့် သူငယ်ချင်းအပေါင်းတို့ ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းများစွာဖြင့် ပြည့်စုံနိုင်ပါစေရှင်..။
မိုးတိမ်လွင်ပြင် (Pakokku)
1.10.2013
ဆရာတော်ကြီး၏ ပုံတော်အား => https://www.facebook.com/photo.php?fbid=160024920840752&set=a.109901099186468.17139.109899585853286&type=1&theater မှ ကူးယူဖော်ပြပါသည်။