မူလစာမျက်နှာ

Thursday, October 3, 2013

ဘ၀အသွင်ကို ဓမ္မအမြင်ဖြင့် ရှုကြည့်ခြင်း

လူတိုင်းလူတိုင်း ဘ၀တစ်ခုစီ ရရှိထားကြလို့ လူတိုင်းလူတိုင်းမှာ ကိုယ်စီ ဘ၀ကလေးတွေရှိနေကြတယ်။
သို့သော် ဘ၀နဲ့ပတ်သက်ပြီးတော့ တစ်ဦးနှင့်တစ်ဦး အမြင်ချင်း အတူကြပေဘူး။
တချို့က ဘ၀ကို ပျော်စရာလို့မြင်ကြတယ်။ တချို့က ဘ၀ကို ငြီးငွေ့စရာလို့ မြင်ကြတယ်။

ဘ၀မှာ အဆင်ပြေနေတဲ့ ပုဂ္ဂိုလ်တွေက "တို့ ရ,ထားတဲ့ ဘ၀ဟာ သာတောင့်သာယာရှိတယ်၊
အင်မတန်မှကောင်းတယ်လို့ ဘ၀ကို အကောင်းမြင်တဲ့ ပုဂ္ဂိုလ်တွေရှိသလို" ဘ၀မှာ အဆင်မပြေတဲ့
ပုဂ္ဂိုလ်တွေကျတော့ "အို... ဘ၀ကြီးကလည်း ငြီးငွေ့စရာကောင်းလိုက်တာ" တဲ့၊ ဒီလိုဘ၀ကနေ
ထွက်ပြေးချင်တဲ့စိတ်တွေ ပေါ်လာလောက်အောင် ဘ၀ကို စက်ဆုပ်ရွံမုန်းတဲ့ ပုဂ္ဂိုလ်တွေလည်းရှိတယ်။
ဒီလို ဘ၀နဲ့ ပတ်သက်ပြီးတော့ အမြင်အမျိုးမျိုးရှိကြတယ်။

ဘ၀ကို ကောင်းတယ်. သာယာတယ်. လှပတယ်လို့ မြင်တဲ့ ပဂ္ဂိုလ်တွေက တစ်မျိုး၊ ဘ၀ကို အရုပ်ဆိုး
အကျည်းဆန်တယ်လို့ မြင်တဲ့ ပုဂ္ဂိုလ်တွေက တစ်မျိုးတဲ့။ ထိုနှစ်မျိုးစလုံးရဲ့ အမြင်တွေဟာ သေချာစဉ်းစား
ကြည့်လို့ရှိရင် ဓမ္မအမြင်နဲ့မြင်တဲ့ အမြင်မျိုးမဟုတ်ဘူး။ ဘ၀ကို လှတယ်. ပတယ်. သာယာတယ်..
ပျော်စရာကောင်းတယ်လို့ဆိုတဲ့ ပုဂ္ဂိုလ်တွေ ကုသိုလ်ကောင်းမှု လုပ်တိုင်းလုပ်တိုင်း  ဒီ့ထက်ကောင်းတဲ့ဘ၀ကို
မျှော်လင့်တောင့်ထပြီးတော့ ကောင်းသထက်ကောင်းတဲ့ ဘ၀ကို ဆုတောင်းပြီးတောင် ယူကြတယ်နော်။
အင်မတန် တိုတောင်းတဲ့ ဘ၀ကလေးတောင်မှ တချို့ပုဂ္ဂိုလ်များက ဘ၀ဟာ အင်မတန်တိုတယ်၊
ရနိုင်သမျှ ပျော်ပျော်ကလေးနေရမယ်၊ ပျော်ပျော်နေ သေခဲလို့ ဆိုပြီးတော့ ဘ၀မှာ အပျော်ရှာပြီးတော့
အကောင်းဘက်က တွေးနေကြတယ်။

အနောက်တိုင်းကလူတွေ ပြောလေ့ရှိကြတယ်၊ Life is too short. Enjoy yourself. ဘ၀ကလေးဟာ
တိုတိုလေးပဲ၊ ပျော်ပျော်နေပါတဲ့။ ဘုန်းကြီးတို့ အမေရိကမှာနေတုန်းက The Love Boat ဆိုတဲ့ ရုပ်ရှင်ကား
ကြည့်ဖူးတယ်။ အဲဒီမှာ အဘိုးကြီး အမယ်ကြီးတွေ ဘာမှ မလုပ်မရှိ အကိုင်မရှိတော့ ပျင်းရိငြိငွေ့ပြီး
အပျော်ရှာတဲ့အကြောင်းကို ရိုက်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်တယ်။
အဲဒီ ဇာတ်ကားထဲမှာ သင်္ဘောကြီးပေါ်မှာနေတုန်းကတော့ အလွန်ပျော်ကြတယ်။
ပြန်လည်ရောက်လာလို့ သင်္ဘောကနေ ဆင်းကြတဲ့အခါမှာ အဘိုးကြီး
အမယ်ကြီးတွေ မျက်ရည်စက်လက်နဲ့ ၀မ်းနည်းပန်းနည်း ငိုယိုကြတာကို တွေ့ရတယ်။

ဒါကြောင့် လောကကြီးမှာ ပျော်စရာရှာပေမယ့်လို့ ပျော်စရာချည်းတွေ့တာ မဟုတ်ဘူး။
အကောင်းထင်ပြီးတော့ ရှာပေမယ့်လို့ အကောင်းချည်းတွေ့တာ မဟုတ်ဘူး။
ဘ၀ဆိုတာ အကောင်းအဆိုး ရောနေတာ၊ ကောင်းတဲ့ အကွက်ကလေးတွေရှိတယ်။
ဒါကြောင့်မို့လို့ လူတွေဟာ ဘ၀ကြီးမှာ ပျော်နေကြတာပေါ့။
ဘယ်အရာပဲဖြစ်ဖြစ် အကောင်းရှိသလို အဆိုးလည်းရှိတယ်။

ဘုန်းကြီးတို့ ဗုဒ္ဓစာပေမှာ 'အဿာဒ' နှင့် 'အာဒီန၀' ခွဲခြား ဖော်ပြလေ့ရှိတယ်။ လောကမှာ ကျေနပ်စရာ၊
ကြိုက်နှစ်သက်စရာ၊ ပျော်ရွှင်စရာ၊ စွဲမက်စရာ attractive ဆိုတာ ရှိတယ်။ အဲဒါကို 'အဿာဒ'
enjoyment လို့ခေါ်တယ်။ ဘ၀မှာ ကြိုက်နှစ်သက်စရာ တွေရှိတယ်၊
ဘ၀ကို အကြောင်းပြုပြီးတော့လည်း ပျော်ကြတယ်၊ ချမ်းသာသုခတွေရကြတယ်၊
အဆင်ပြေနေတဲ့ ဘ၀မှာဆိုလို့ရှိရင်ပျော်လို့ ရွှင်လို့၊
ဒါဘ၀ရဲ့ သာယာမှုကလေးတွေ့ပေါ့နော်။ ဒါကို 'အဿာဒ' လို့ ခေါ်တယ်။

အဲဒီ သာယာမှုလေးတွေဟာ ထာဝရလား ဆိုတော့ ထာဝရမဟုတ်ဘူး။ ခဏကလေးပဲ၊ မတည်မြဲဘူး၊
ယခု ပျော်ရွှင်စရာတွေ့ပေ့မယ့် တော်ကြာ ပျော်ရွှင်စရာတွေ ကုန်ဆုံးသွားတာရှိတယ်။ အဲဒါက ကျေနပ်စရာ
မကောင်းတဲ့အချက်ပဲ။ ဒါကို 'အာဒီန၀' unsatisfactioriness လို့ခေါ်တယ်။

လောကမှာ သတ္တ၀ါတွေ ပျော်ပြီးရင်း ပျော်နေကြတာ ဘ၀မှာ ပျော်စရာရှိလို့သာ ပျော်နေကြတာ။
မျက်စိက အဆင်းအာရုံလေးကို ကြည့်ပြီးတော့ ပျော်ရွှင်မှုကို ရှာကြတယ်။ နားက သာယာတဲ့
အသံကလေးကို နားထောင်ပြီးတော့ ပျော်ရွှင်မှုကို ရှာကြတယ်။ နှာခေါင်းက မွှေးကြိုင်တဲ့ အနံ့ကလေးကို
နမ်းရှူပြီးတော့ ပျော်ရွှင်မှုကို ရှာကြတယ်။ လျှာက ကြိုက်နှစ်သက်တဲ့ အရသာလေးကို ခံစားပြီးတော့
ပျော်ရွှင်မှုကို ရှာကြတယ်။ ခန္ဓာကိုယ်ကြီးကလည်းပဲ သာယာတဲ့ အထိအတွေ့ကလေးတွေကို ထိတွေ့ပြီးတော့
ပျော်ရွှင်မှုကို ရှာကြတယ်တဲ့။ ဘ၀ကို အရင်းအနှီးပြုပြီးတော့ ကြိုက်နှစ်သက်စရာတွေ၊
ပျော်ရွှင်စရာတွေ ရကြတယ်။ ဒါကြောင့် မို့လို့ ဘ၀ကြီးကို ပျော်စရာလို့ မြင်တဲ့ ပုဂ္ဂိုလ်တွေရှိတယ်။

တချိုကတော့ ဘ၀ကြီးနဲ့ ပတ်သက်ပြီးအဆင်မပြေကြဘူး၊ နေရေးထိုင်ရေးလည်း အဆင်မပြေဘူး၊
စားရေးသောက်ရေးလည်း အဆင်မပြေဘူး။ ဒုက္ခသုခတွေ ရောနေတဲ့ ဘ၀ကြီးနဲ့ပတ်သက်ပြီးတော့
ကျေနပ်နှစ်သိမ့်မှု မရရှိတော့ ဘ၀ကြီးကနေ ထွက်ပြေးချင်တဲ့စိတ်တွေ ပေါ်ပေါက်လာကြတယ်။
နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု suicide လုပ်ပြီးတော့
လက်ရှိဘ၀ကနေ ထွက်ပြေးသွားတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။
အဲဒီ ပုဂ္ဂိုလ်တွေဟာ ဘ၀ကို ငြီးငွေ့စရာကြီး၊ စိတ်ပျက်စရာကြီးလို့မြင်တယ်။
အဲဒီ အမြင်နှစ်မျိုး ရှိရာမှာ အကောင်းမြင်တဲ့ ပုဂ္ဂိုလ်တွေကို optimist လို့ ခေါ်တယ်။
အဆိုးမြင်တဲ့ ပုဂ္ဂိုလ်ကျတော့ pessimist လို့ခေါ်တယ်။

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်က လောကမှာ အကောင်းချည်းလည်း မဟုတ်ဘူး၊
အဆိုးချည်းပဲတော့လည်း မဟုတ်ဘူး၊ အဿာဒ လို့ဆိုတဲ့ သာယာစရာတွေ နှစ်သက်စရာတွေ
ရှိသလို အာဒီန၀ဆိုတဲ့ အပြစ်တွေလည်းရှိတယ်။
ဒါကြောင့်မို့လို့ ဒီနှစ်ခုကို ခွဲခွဲခြားခြား ကွဲကွဲပြားပြား သိမြင်တာမှ ဓမ္မအမြင်လို့ ပြောပါတယ်။
realism ပေါ့။ ဒါကြောင့်မို့ ဘ၀ကို အမြင်အမျိုးမျိုးနဲ့ ကြည့်တဲ့အခါမှာ ဘ၀အသွင်ကို ဓမ္မအမြင်နဲ့ ကြည့်ရအောင်။

ဓမ္မအမြင်
~~~~~~
  ဓမ္မ ဆိုတာ အမှန်တရားကို ပြောတာ။
  The law of nature ပေါ့။
ဓမ္မ ဆိုတဲ့ စကားလုံးက အတ္တနော သဘာဝံ ဓာရေတီတိ ဓာရေတီတိ ဓမ္မော၊ သူ့သဘာဝအတိုင်းသူ ဖြစ်နေတာကို
ဓမ္မ လို့ ဒီလိုပြောတာ။ အဲဒီ ဓမ္မ ကို သိတဲ့ အမြင်ဟာ ဓမ္မအမြင်ပဲ၊ ဓမ္မဉာဏ်နဲ့ အမှန်ကို သိမြင်တဲ့အခါကျမှ ဘ၀ဆိုတာ
ဘယ်လိုဟာလဲဆိုတာ သဘောပေါက်လာမှာဖြစ်ပါတယ်။

ဘ၀ရဲ့အသွင်
~~~~~~~~~
လူဘ၀ရဲ့အသွင်ကို ဓမ္မအမြင်နဲ့ ကြည့်ကြတဲ့အခါ လူတိုင်းလူတိုင်းမှာ ကိုယ်စီဘ၀လေးတွေရှိနေကြတယ်။
အဲဒီ ရ,ထားတဲ့ ဘ၀လေးတွေဟာ ဘယ်လို အခြေအနေရှိသလဲဆိုပြီး
လူတိုင်းလူတိုင်း ဆန်းစစ်ပြီးတော့ ကြည့်ကြရမယ်။
ကိုယ် ရ,ထားတဲ့ ဘ၀ကလေးရဲ့ အခြေအနေ ကိုယ်မသိဘူးဆိုလို့ရှိရင် ဒီပုဂ္ဂိုလ်အောက် နမော်နမဲ့နိုင်တာ ဘယ်ရှိမလဲ။
ဒါကြောင့် ကိုယ်ဘ၀ရဲ့ အခြေအနေကို ကိုယ်ကိုယ်တိုင်သိအောင် လုပ်ရမယ်။

တွန်းပို့ခြင်းကို ခံနေကြရ
~~~~~~~~~~~~~~~~~
မြတ်စွာဘုရားက ဘ၀ရဲ့ အသွင်ကို ဓမ္မရဲ့အမြင်ဖြင့် ကြည့်ရှုဖို့ ဆိုပြီးတော့ နည်းလမ်းတွေ ပေးထားတယ်။
" ဥပနီယျတိ လောကော အဓုဝေါ " လောကော- လောကကြီးကို၊ ဥပနီယျတိ- ဇာတိက ဇရာသို့၊
ဇာရာက ဗျာဓိသို့ ဗျာဓိက မရဏသို့ အမြဲတမ်းတွန်းပို့၍ နေပါပေတော့၏။
လောကော- လောကကြီးဟာ၊ အဓုဝေါ-ဘယ်တော့မှ တည်ငြိမ်နေတာ မရှိပေဟူ၍၊ ဘဂ၀ါ-ရွှေဘုန်းတော်သခင်
အရှင်တော်မြတ်ဘုရားသည် အဝေါစ-ကောင်းစွာမသွေ ဟောကြားတော်မူခဲ့ပါပေသတည်း။
(သာဓု.. သာဓု.. သာဓု.. ပါဘုရား)

ဆရာတော် ဒေါက်တာနန္ဒာမာလဘိဝံသ ၏
"ဘ၀အသွင်ကို ဓမ္မအမြင်ဖြင့် ရှုကြည့်ခြင်း" တရားတော်မှ ကောက်နုတ်ထားပါသည်။

သံသရာဝယ်၊ ဆွေချင်းကျေးဇူး၊ ရှိခဲ့ဘူး ကို၊
အထူးဆပ်ရန်၊ စိတ်အားသန်ဖြင့်၊
ကျင့်ရန်မှန်စွ၊ မြတ်ဓမ္မကို၊ ဝေငှပေ၏၊

ဓမ္မမိတ်ဆွေများနှင့် သူငယ်ချင်းအပေါင်းတို့ ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းများစွာဖြင့် ပြည့်စုံနိုင်ပါစေရှင်..။
မိုးတိမ်လွင်ပြင် (Pakokku)
1.10.2013
ဆရာတော်ကြီး၏ ပုံတော်အား => https://www.facebook.com/photo.php?fbid=160024920840752&set=a.109901099186468.17139.109899585853286&type=1&theater မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment