မူလစာမျက်နှာ

Wednesday, July 4, 2012

ရေကြည်ရာ မြက်နုရာ

မြန်မာဆိုးရိုးစကားလေး တစ်ခွန်းရှိသည်။ တစ်ရွာမပြောင်း သူကောင်းမဖြစ်တဲ့။ သို့သော် တစ်ရွာပြောင်း တိုင်း သူကောင်းမဖြစ်သလို တစ်ရွာမပြောင်းဘဲလည်း သူကောင်းဖြစ်နေသူတွေ အပုံရှိပါသည်။ ထိုစကားနှင့် ဆင်ဆင်တူသော စကားတစ်ခုရှိသည်။ ရေကြည်ရာ မြက်နုရာ တဲ့။

ထိုစကားအတိုင်းဆိုသော် အခြေအနေကောင်းတဲ့ အရပ်ကို ပြောင်းရမည်ဟု ဆိုဟန်ရှိသည်။ ဓမ္မလမ်းကြောင်းအတိုင်း ပြောရရင်တော့ မိမိနေထိုင်ရာအရပ်တွင် ရောမကြည်၍ (ကျန်နေခဲ့ကြသော
သူများ ဘယ်လိုဖြစ်ဖြစ်) အခြေအနေကောင်းသောအရပ်ကို ပြောင်းသွားခြင်းသည် ကိုယ်လွတ်ရုန်းခြင်းပင်။ တစ်ကိုယ်ကောင်းဆန်သည်ဟု ပြောနိုင်သည်။
သူတော်ကောင်းလမ်းစဉ်အရ ကိုယ်လွတ်မရုန်း။ ကိုယ်တစ်ဦးကောင်းစားရေးအတွက် အခြေ အနေကောင်း သောအရပ်သို့အပြောင်း။ ရေမကြည်သောအရပ်ကို ရေကြည်အောင်လုပ်၍ မြက်မနုသော
အရပ်ကို မြက်နုအောင် လုပ်ပြီးလျှင် မိမိလည်းသောက်သုံး သူတစ်ပါးကိုလည်း သောက်သုံးစေသည်။

သို့ပေမင့် အခြေအနေကောင်းသောအရပ်ကို ပြောင်းသူတိုင်းကိုလည်း တစ်ကိုယ်ကောင်းဆန် သည်ဟု မပြောနိုင်သေး။ အမှန်တကယ် မိမိဘ၀ အောင်မြင်ပြီး မိမိရပ်ရွာဒေသ ကြီးပွားတိုးတက်အောင် မိမိတတ်နိုင်သောဘက်မှ ဝိုင်းဝန်းကူညီခြင်းသည်လည်း ရေမကြည်သောအရပ်ကို ရေကြည်အောင်လုပ်
ပေးခြင်းပင် ဖြစ်သည်။  (သီတဂူ အရှင်ဓမ္မာစာရ)

Tuesday, July 3, 2012

ကြိုး

ကြိုးဆိုတဲ့ သဘောက
ရစ်ပတ်တတ်တယ်၊
ချည်နှောင်တတ်တယ်
ခိုင်မြဲတတ်တယ်၊
တင်းကျပ်၊ နှောင်ဖွဲ့တတ်တဲ့
သဘောတွေပါတယ်။

လောကမှာ
ရုပ်ပိုင်းဆိုင်ရာမြင်ရတဲ့ ကြိုး နဲ့
မမြင်ရတဲ့ ကြိုးတွေဆိုတာရှိပါတယ်။

မြင်ရတဲ့ ကြိုးတွေဆိုတာကတော့
ရာသီဥတုဒဏ်၊ တစ်စုံတစ်ဦးကြောင့်
အကြောင်းတစ်စုံတရာကြောင့်
ပျက်စီး၊ ပြေလျော့သွားနိုင်ပါသေးတယ်။

မမြင်ရတဲ့ သံယောဇဉ်နှောင်ဖွဲ့မှုကြိုး
သားပေါ်ချည်တဲ့ကြိုး၊
သမီးပေါ်ချည်တဲ့ကြိုး
ခင်ပွန်းပေါ်ချည်တဲ့ကြိုး၊
ဇနီးမယားပေါ်ချည်တဲ့ကြိုး
ဆွေမျိုးတွေကိုချည်တဲ့ကြိုး
မိသားစုပေါ်ချည်တဲ့ကြိုး၊
ပစ္စည်းပေါ်ချည်တဲ့ ကြိုး၊
ဂုဏ်ပေါ်ချည်တဲ့ကြိုး၊
ငါပေါ်ချည်တဲ့ ကြိုး၊
ချည်မိချည်ရာ ချည်ထားမိတဲ့ကြိုးတွေကတော့
ကိုယ်ချည်ထားတဲ့ ကြိုး ကိုယ်မဖြည်သရွှေ့
ဘယ်တော့ပြေလျော့နိုင်မှာလည်း…..
ဘယ်တော့များမှ ပျက်စီးနိုင်မှာလည်းလေ….

ချည်ထားတဲ့ ကြိုးကြီးရင် ကြီးသလောက်
ပူလောင်ရမှာဘဲ၊ သောကရောက်ရမှာဘဲ၊
စိုးရိမ်ရမှာဘဲ၊ ပူဆွေးရမှာဘဲ၊ မျက်ရည်ပေါက်
ကြီးငယ်ကျမှာဘဲ၊ ၀မ်းနည်းရမှာဘဲမဟုတ်လား....

ကိုယ်ကြိုးကိုယ် ချည်ထားသမို့
ကိုယ့်ကြိုးကိုယ် ဖြည်နိုင်ကြပါစေ…

ကိုမောင်မောင် (ဗုဒ္ဓဟောကြားမြတ်တရား) မှကူးယူဖော်ပြပါသည်။

လောကဓံ

လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေတဲ့
လောကရဲ့ ဥပမာတစ်ခုပါ။

လောကကြီးထဲ အသက်ရှင်နေထေိုင်နေရရင်
တစ်ခါတစ်ခါ ပူလောင်မှု့ ဒဏ်တွေရှိနေမယ်။
တစ်ခါတစ်ခါ အေးမြမှုလေး တွေရှိနေမယ်။

ပူလောင်မှု့ ဒဏ်တွေကို ခံစားရတဲ့ အခါ
ဆင်းရဲနေတတ်တာလူတိုင်းသိကြတယ်။
ဒါကိုအဓိပ္ပါယ်ဖွင့်ရင် အဆိုးလောကဓံတဲ့...

အေးမြမှု့လေးတွေကို ခံစားရတဲ့ အခါ
ချမ်းသာနေတတ်တာလည်း လူတိုင်းသိကြတယ်။
ဒါကိုအဓိပ္ပါယ်ဖွင့်ရင် အကောင်းလောကဓံတဲ့...

လောကကြီးနဲ့ ဆက်ဆံနေတဲ့အခိုက်အတန့်မှာ
လောကရဲ့ဒဏ်ရာ၊ ဒဏ်ချက်တွေကို ငြင်းဆန်ဖို့
အခွင့်အရေး မရှိပါဘူး....

အဆိုးလောကဓံနဲ့ ကြုံကြုံ၊
အကောင်းလောကဓံနဲ့ တွေ့တွေ့
ဒါကိုခံစားတဲ့ ဝေဒနာတွေဟာ
ကြာရှည် မြဲမြံမှု့မရှိဘူးဆိုတာ
သတိထားပါများရင်သိလာမယ်.....

ဒါဆို အဆိုးလာလည်း သတိနဲ့
အကောင်းလာလည်း သတိနဲ့
ရင်ဆိုင်တတ်လာမယ်....

သတိနဲ့ရင်ဆိုင်တတ်လာတော့
ကောင်းကောင်း၊ ဆိုးဆိုး...
သဘောတရား၊ တရားသဘောအတိုင်း
လက်ခံနိုင်လာမယ်လေ....

ကိုမောင်မောင် (ဗုဒ္ဓဟောကြား မြတ်တရား) မှ ကူးယူဖော်ပြပါသည်။

Monday, July 2, 2012

ကမ္ဘာအံ့ဖွယ်ရာ ရွှေကူတံကဲတော်ကြီး (ပခုက္ကူမြို့)

ကမ္ဘာအံ့ဖွယ်ရာ ရွှေကူတံကဲတော်ကြီးကို သက္ကရာဇ် ၁၂၆၉ ခု၊ တပေါင်းလပြည့်ကျော် (၃)ရက်နေ့တွင် လက္ခငွေပေါင်းဒင်္ဂါးပြား (၄၀၀၀) နှင့် (၄) နှစ်ကျော်ထုလုပ်ထားရပါသည်။

 ကမ္ဘာအံ့ဖွယ်ရာ ရွှေကူတံကဲတော်ကြီး

တံကဲ၏ထုထည်မှာ (၈) လက္ခရှိပြီး၊ ပန်း(၈) ထပ်နှင့်သစ်တုံး(၅) တုံးဖြင့် ပန်းရုပ်လုံးများ ဖော်ပြထားပါသည်။
ကမ္ဘာအံ့ထူးဖွယ်ရာ ရွှေကူတံကဲတော်ကြီးကို အဆင့် (၉) ဆင့်ဖြင့် ရုပ်လုံးဖော်ပြထားပါသည်။
မြန်မာ့ပန်းပုလက်ရာတွင် ထူးဆန်းဖွယ် လေးစားဖွယ်ပင်ဖြစ်ပါသည်။

သရုပ်ဖော်ထားသော ရွှေကူတံကဲဇာတ်ရုပ်ဖော်တို့မှာ ..... 

 ၁။  မြတ်စွာဘုရား ရွှေ၊ ငွေ၊ ပတ္တမြားအရောင်ခြားသည့် စောင်းတန်း (၃)သွယ်ဖြင့် တာဝတံသာမှ
      သင်္ကဿနဂိုရ်ပြည်သို့ ဆင်းတော်မူလာပုံ။


၂။  သင်္ကဿနဂိုရ်ပြည်မှာ မင်းပရိတ်သတ်အများ လက်ျာရံရှင်သာရိပုတ္တရာ၊    
     လက်ဝဲရံရှင်မဟာမောဂ္ဂလန်တို့ထံ ဘုရားသခင် ကြွလာမည့်ရက်မေးလျှောက်နေပုံ။


၃။ မတလိနတ်သား မြင်း (၃)ကောင်က ရထားဖြင့် နေမိမင်းကြီး တရားဟောတော်မူရန် နတ်ပြည်သို့ 
    ပင့်ဆောင်နေပုံ။
  

၎။ သာဓိန ဘုရင်မင်းမြတ်အား မြင်း(၃) ကောင်က ရထားဖြင့် တရားဟောတော်မူရန် နတ်ပြည်သို့   
    ပင့်ဆောင်သွားပုံ။ 


၅။ ဒေ၀ဒက်က အဇာတသက်အား အဖသတ်ပြီး  နန်းရပ်ထီးဖြူလုယူရန် အကြံပေးနေပုံ။

 
၆။ သားတော်အဇာတသတ်က ဖခမည်းတော် ဗိမ္မသာရမင်းမြတ်အား ရက်ရက်စက်စက်နန်းထက်မှ   
    ဆွဲချနေပုံ။


၇။ ဗိမ္မသာရမင်းမြတ်ကို ထောင်ထဲအစာငတ်ထားသောအခါ မိဖုရားကြီး  ဧ၀ဒေဟိက
    မြတဘက်အစာသုတ်၍ ဆက်သောအခါ ရှင်ဘုရားကြီး  မြတဘက် အသာစုပ်ယူပြီး
    အာဟာရလုပ်နေပုံ။


၈။ အာဏာသားတွေက အသနားမဖက်ဘဲ ခြေဖ၀ါးကို ဓားဟက်ပြီး ဆားပတ်နေပုံ။


၉။ အဇာတသတ်လဲ သားကလေးအချစ်စွဲပြီး ခမည်းတော်လွတ်စေလို့ သ၀င်္ဏလွှာရေးဆဲ
    ထောင်ထဲမှာ ဘုရင်မင်းမြတ် နတ်ရွာစံကံတော်ကုန်ပေါ့လို့ လျှောက်လွှာဆက်နေပုံတို့ဖြစ်ပါသည်။



တံကဲလက်ရာကို ပခုက္ကူမြို့ ဈေးဟောင်းရပ် ဆရာဦးကံကြီးနှင့် သား- မောင်တေ မှ ထုလုပ်ပြီး
တံကဲအလှူရှင်ကတော့ ပခုက္ကူမြို့ ဈေးဟောင်းရပ် ကျောင်းအစ်မကြီးဒေါ်ဇီး (ဆီး) မှ လှူဒါန်းပူဇော်ပါသည်။
ကမ္ဘာအံ့ဖွယ်ရာ ရွှေကူတံကဲတော်ကြီးကို သက္ကရာဇ် ၁၂၆၉ ခုကတည်းက ထုလုပ်ခဲ့သော်လည်း ယခုအထိ လှပခိုင်ခန့်စွာ တည်ရှိနေမြဲဖြစ်ပါသည်။ ထိုတံကဲတော်ကြီးမှာ အမှတ် (၉) ရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီး 
ဘေးတွင် တည်ရှိပါသည်။ အလွန်လက်ရာမြောက်လှသော တံကဲတော်ကြီးကို လာရောက်ဖူးမြော် ပူဇော်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင်။


♣☺☺မေတ္တာဖြန်း၍ လန်းဆန်းကြပါစေ☺☺♣  


စာဖတ်သူအပေါင်း ရွှင်လန်းချမ်းမြေ့ပါစေရှင်...
လွင်ပြင်