မူလစာမျက်နှာ

Monday, October 8, 2012

အကုသိုလ်၊ သစ်ပင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှု

မနက်စောစော ကော်ဖီ သောက်ရင်းနဲ့ ပြုခဲ့တဲ့ ကုသိုလ် စာရင်းလေးကို ပြန်ဖတ်ရင်း၊
ပြန်တွေးဖြစ်ရင်းနဲ့ စိတ်က အလိုလို ကြည်နူး လာပါတယ်။
သိပ်များများ စားစားကြီး မဟုတ်ခဲ့ပေမယ့် တချို့ကုသိုလ်လေး တွေကိုတော့
ဒီနေ့အထိ သတိတရ ရှိနေတုန်းပါ။ ဥပမာ - အသက်(၅၀)ကျော် အသား မည်းမည်း
အမျိုးသမီးကြီး တစ်ယောက် ခေါင်းပေါ်က မုန့်ဗန်းကြီး မှောက်ကျ သွားလို့
ငိုနေတာ တွေ့ရတော့ ပါလာတဲ့ ငွေတချို့ကို ထုတ်လှူ ဖြစ်ခဲ့တာမျိုးလေး တွေပါ။
အဲဒီလို အပြုအမူ ကုသိုလ်လေးကို ပြန်ဖတ်မိတိုင်း၊ ပြန်တွေး မိတိုင်း
ကြည်နူးရမြဲပါ။ စာလို ပြောရင်တော့ အပရ စေတနာပေါ့။

ကုသိုလ် စာရင်းကို မှတ်တမ်းတင်ဖြစ်သလို ပြုခဲ့တဲ့ အကုသိုလ် စာရင်းကိုလည်း
ဘယ်ညာပူးတွဲပြီး မှတ်တမ်းများ တင်နိုင်ခဲ့ရင် ဘယ်စာရင်းက အလေးသာသွားမလဲ၊
ကုသိုလ်ကလား၊ အကုသိုလ်ကလား၊ ပုထုဇဉ်ပီပီ အကုသိုလ်တွေကို
အကြိမ်ကြိမ်တွေးခဲ့၊ အကြိမ်ကြိမ် ပြောခဲ့၊ အကြိမ်ကြိမ် ပြုခဲ့တာပါ။
သီးသန့်မှတ်တမ်း မရှိခဲ့လို့ အရေအတွက် မသိရတာသာ ရှိမယ်။ တွေးခဲ့၊ ပြောခဲ့၊
ပြုခဲ့မိတာတွေကတော့ မမြင်ရတဲ့ အရေအတွက်တစ်ခု အနေနဲ့ တည်ရှိနေကြမှာပါ။



အဲဒီ အတွေးတွေ ဖြစ်ရင်း အခုပြောပြမယ့် ၀တ္ထုလေးက စဉ်းစားစရာအဖြစ် ပေါ်လာခဲ့တာပါ။

မဇ္ဈိမဒေသ အိန္ဒိယနိုင်ငံမှာ ဥရုဝေလလို့ အမည်ရတဲ့ သဲတောင်ကြီး တစ်တောင် ရှိခဲ့ဖူးပါတယ်။

အဲဒီ သဲတောင်ကြီး ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းက ဒီလိုပါ။

မြတ်စွာဘုရား ပွင့်တော်မမူမီ ကာလ အဲဒီဝန်းကျင်ဒေသမှာ ရသေ့တစ်သောင်း နေထိုင်ခဲ့ကြပါတယ်။
တစ်ပါးနဲ့ တစ်ပါး ချစ်ခင်ရိုသေမှု ရှိသလို၊ တစ်ပါးရဲ့ စကားကိုလည်း တစ်ပါးက
ရိုသေ လိုက်နာ လေ့ရှိပါတယ်။

တစ်နေ့မှာ ရသေ့ တစ်သောင်းဟာ စည်းဝေးပွဲတစ်ခု ကျင်းပကြပါတယ်။
သူတို့ရဲ့ စည်းဝေးပွဲမှာ အဓိက အဆို တင်သွင်းမှုနဲ့ ထောက်ခံမှု ကတိက၀တ် ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ငါ့ရှင် ရသေ့အပေါင်းတို့၊ ကာယကံအပြစ်နဲ့ ၀စီကံအပြစ် တွေကတော့ တစ်ပါးသူတွေ သိဖို့သိပ်ထင်ရှားတယ်။
မနောကံကျတော့ တစ်ပါးသူသိဖို့ မထင်ရှား တော့ဘူး။
ဒါ့ကြောင့် ရသေ့ တစ်ပါးပါးဟာ ကာမဂုဏ်နဲ့ စပ်တဲ့ အကြံ၊ ဒေါသနဲ့ စပ်တဲ့
အကြံ၊ သူတစ်ပါးကို ညှဉ်းဆဲ သတ်ဖြတ်လိုတဲ့ အကြံ စတဲ့ အကြံတွေကို
ကြံမိခဲ့ရင် ဘယ်သူမှ အပြစ်ပြောမယ့်သူ၊ ဆုံးမမယ့်သူ မရှိတော့ဘူး။ ဒီတော့
ကိုယ့် ကိုယ်ကိုယ် ကိုယ်တိုင် အပြစ်တင်ပြီး ဒဏ်ခတ်တဲ့ အနေနဲ့ အကုသိုလ်
တစ်ခုခုကို ကြံခဲ့၊ တွေးခဲ့မိရင် မြစ်ဆိပ်က သဲကို ဖက်နဲ့ယူပြီး ဒီနေရာမှာ
ပုံရမယ်။ ဒီအပြုအမူဟာ ကိုယ့်အပြစ်ကို ကိုယ်တိုင် ဒဏ်ထမ်းခြင်း ဖြစ်တယ်။

ရသေ့တွေဟာ သူတို့ပြုခဲ့တဲ့ ကတိက၀တ်အတိုင်း အကုသိုလ် တစ်ခုခုကို ကြံမိ၊ တွေးမိတိုင်း
မြစ်ဆိပ်ကနေ သဲကို ဖက်ရွက်နဲ့ သယ်ပြီး သတ်မှတ်ထားတဲ့ နေရာမှာ သွားပြီး
ပုံလေ့ရှိပါတယ်။ ကာလာတွေ ကြာလာတော့ စောစောက ပြောခဲ့တဲ့ ဥရုဝေလလို့ ခေါ်တဲ့
ကြီးမားတဲ့ သဲတောင်ကြီး ဖြစ်လာခဲ့ပါတယ်။

ရသေ့တွေ စုပုံခဲ့တဲ့ သဲတောင်ကြီးဟာ ကာလကြာကြာ တစ်ခုအထိ တည်ရှိနေခဲ့မှာပါ။
လူသားတွေက အဲဒီသဲတောင်ကြီးကို ကြည့်ပြီး တော်တော် အကုသိုလ်များတဲ့
ရသေ့တွေပါလားလို့ ဘယ်သူမှ ကဲ့ရဲ့မယ် မထင်ပါဘူး။ မကဲ့ရဲ့မယ့် အပြင်
ဒီသဲတောင်ကြီးဟာ ရသေ့တွေရဲ့ ရိုးဖြောင့်မှု၊ မာယာသာဌေယျ ကင်းမှု၊
လူသားပီသတဲ့ သတ္တိရှိမှု စတဲ့ သင်္ကေတ ပြယုဂ်ကြီးပဲလို့ နှလုံးသွင်းပြီး ဆထက်
ထမ်းပိုး တိုး၍တိုး၍သာ ကြည်ညို ဖြစ်ကြမှာပါ။ ဘာဖြစ်လို့လဲဆိုတော့
လူသားတွေဟာ ရိုးဖြောင့်မှုကို ကြည်ညို တတ်တဲ့ သဘာဝက အစဉ်အမြဲ
ရှိနေတတ်ကြလို့ပါ။

ဒီခေတ်မှာကော ရသေ့တွေရဲ့ အပြုအမူကို အတုယူဖြစ်ရင် ကောင်းမလားလို့ပါ။

တစ်ခုတော့ ရှိတာပေါ့လေ၊ ရသေ့တွေလို ရန်ကုန်မြစ်ထဲ၊ ဒေါပုံမြစ်ထဲက သဲတွေယူပုံလို့တော့
ဘယ်ဖြစ်တော့မလဲ၊ တိုက်တာ အဆောက်အဦ တွေက နေ့စဉ်ဆောက် နေကြရတာဆိုတော့
သဲတွေက တိုက်တာ အဆောက်အဦ တွေအတွက် အသုံးချနေရတာကိုး။ ဒါဆို ဘာလုပ်ကြရင်
ကောင်းမလဲ၊ စဉ်းစားဖြစ်တာကတော့ သစ်ပင်စိုက်ကြရင် ကောင်းမလား လို့ပါ။

အကုသိုလ် တစ်ခုခုကို တွေးမိ၊ ပြောမိ၊ ပြုလုပ်မိတိုင်း သစ်ပင် တစ်ပင်ပင် စိုက်လိုက်ဖို့ပါပဲလေ။
သစ်ပင်စိုက်ဖို့ နေရာတစ်ခုကိုတော့ သတ်မှတ်ထားကြရမှာပေါ့။

ကာလကြာလာတာနဲ့အမျှ တောအုပ်ကြီး တစ်ခုဖြစ်လာမှာပါ။
ဒါဆို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းပြီးသားလည်း ဖြစ်၊ ရာသီဥတုကိုလည်း သာယာစေ၊
ပူအိုက်လှတဲ့ ရာသီဥတုကိုလည်း ကာကွယ်နိုင်၊ မိုးနည်း ဒေသဆိုတာလည်း လျော့ပါး စသည်ဖြင့် တွေးမယ်ဆို အကျိုးသက်ရောက်မှုတွေ အများကြီးပါ။

ပြီးတော့ အဲဒီတောအုပ်ကြီးကို ဘယ်သူကမှ အကုသိုလ် တောအုပ်ကြီးလို့ ခေါ်မယ် မထင်ပါဘူး။
ဒါလူသားတွေရဲ့ ရိုးဖြောင့်မှု သင်္ကေတ ပြယုဂ်ကြီးတစ်ခု အဖြစ်ပဲ သတ်မှတ်ကြည်ညို လေးစားဖြစ်ကြမှာပါ။

လူ့သဘာဝအရ ဘယ်သူမှ အကုသိုလ်နဲ့ မကင်းကြပါဘူး၊ အကုသိုလ်ကို ဖုံးကွယ်သူနဲ့
ဖွင့်လှစ် ဖော်ထုတ် ပြ၀ံ့သူသာ ကွာသွားပါ လိမ့်မယ်။

နောက် လူ့သဘာဝတစ်ခုက အကုသိုလ်ကို ဖုံးကွယ်သူကို စက်ဆုပ်ပြီး
ဖွင့်လှစ် ဖော်ထုတ်ပြ၀ံ့သူကို ကြည်ညို လေးစား တတ်ကြတာပါ။
အဓိကကတော့ သစ်ပင်စိုက်ရဲတဲ့ သတ္တိပါ။

အဲဒီတောအုပ်ထဲမှာ အလွှာမျိုးစုံ၊ နယ်ပယ်စုံက လူတွေရဲ့ သစ်ပင်တွေကို တွေ့ကြရမှာပါ။

ဟောဒါကတော့ ဆရာ ချစ်ဦးညိုရဲ့ သစ်ပင်၊ ဒါကတော့ ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ သစ်ပင်၊
ဒါက ဆရာ ဦးဝင်းငြိမ်းရဲ့ သစ်ပင်၊ ဒါကတော့ ကိုဦးဆွေရဲ့ သစ်ပင်၊
ဒီသစ်ပင် လှလှကလေးကတော့ ဘယ်မင်းသမီးကလေးရဲ့ သစ်ပင်၊ ဒီသစ်ပင်ကြီးကတော့
ဘယ်စီးပွားရေး သမားကြီး သစ်ပင်၊ ဒီသစ်ပင် အမြင့်ကြီးကတော့ ဘယ်အထူးကု
ဆရာဝန်ကြီး ရဲ့ သစ်ပင် စသည် စသည်ဖြင့်ပေါ့။ ကမ္ဗည်းမှတ်တိုင် တွေနဲ့
အလွှာမျိုးစုံ နယ်ပယ်စုံက လူတွေရဲ့ သစ်ပင်မျိုးစုံကို တွေ့ကြရမှာပါ။
ပြီးတော့ အဲဒီသစ်ပင်တွေကို ကြည့်ပြီးြ ကည်ညိုမှု သဒ္ဓါတရား တွေလည်း
ပွားဖြစ်ဦးမှာပါ။

တကယ်လို့သာ အဲဒီ တောအုပ်ကြီး ဖြစ်ခဲ့ရင် မိမိကိုယ်တိုင်လည်း သစ်ပင် သွားစိုက် လိုက်ချင်ပါတယ်။
ဘယ် နှစ်ပင်လောက် စိုက်ဖြစ်မယ်တော့ မသိပါဘူး။ စိုက်ဖြစ်ဖို့ကတော့ အသေအချာပါ။
တောအုပ်ကြီးသာ ဖြစ်လိုက်ပါတော့။

သစ်ပင် သွားစိုက်ရင်းနဲ့ အဲဒီ တောအုပ်ကြီးထဲမှာပဲ ကိုယ့်ရဲ့ ပစ္စုပ္ပန် တည့်တည့်မှာ ဖြစ်နေတဲ့ စိတ်ကလေးကို သတိကပ်ပြီး ဘယ်လို စိတ်ကလေး ဖြစ်နေသလဲ။ အဲဒီဖြစ်နေတဲ့ စိတ်ကလေးက ဘယ်လို
သဘောလေး ဖြစ်နေတာလဲ စသည်ဖြင့်ပေါ့။ ဥပမာ - လောဘ ဖြစ်နေတယ်ဆိုရင်လဲ
လောဘလေးက ဘယ်လို သဘောလေး ဖြစ်နေတာလဲ၊ လောဘရဲ့ သဘောလေးက ဘယ်လိုလေးလဲ
စသည်ဖြင့် ဖြစ်နေတဲ့ လောဘ စိတ်ကလေးကို သတိကပ်ပြီး လောဘဖြစ်တယ်၊ လောဘ
ဖြစ်တယ်ဆိုပြီး စိတ်ကို ရှုမှတ်တဲ့ စိတ္တာ နုပဿနာခေါ်တဲ့ သတိပဌာန်
တရားလေးလည်း ခန္ဓာကိုယ် တစ်နွေးစာလောက် ရှုမှတ်ခဲ့ ချင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ရှုမှတ်စဉ် ကာလလေးမှာ ငြိမ်းချမ်းတဲ့
ဘ၀လေးတစ်ခုခုကို တဒင်္ဂပဲဖြစ်ဖြစ် ရလိုက်ချင်လို့ပါ။

အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)
Credit:  http://kyaw3.multiply.com (Kyaw Kyaw Thant Site)
--------------------------------------------------------------------------------------------

* အကြင်သူသည် တရားစကားကို ဟောပြော၏။
   တရားစာကို ဖြန့်ဝေ၏။
   ထိုသူသည် အမတဒါန နိဗ္ဗာန်အလှူကို
   ပေးလှူသည်မည်၏။*

အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံးဖြစ်၏။
သံသရာဝယ်၊ ဆွေချင်းကျေးဇူး၊ ရှိခဲ့ဘူး ကို၊ အထူးဆပ်ရန်၊ စိတ်အားသန်ဖြင့်၊ ကျင့်ရန်မှန်စွ၊ မြတ်ဓမ္မကို၊ ဝေငှပေ၏။

ရိုသေလေးစားစွာဖြင့် ဓမ္မဒါန ပြုအပ်ပါသည်။
၁၃၇၄ ခုနှစ် တော်သလင်းလ္ဆုတ် (၈) ရက်၊ တနင်္လာနေ့

1 comment: