မူလစာမျက်နှာ

Wednesday, July 23, 2014

အလေးထား၍ စဉ်းစားဆင်ခြင်ကောင်းအောင်ပြင် (အပိုင်း ၁)

လောကလူတွေမှာ အရေးကြီးဆုံးက ကောင်းအောင်ပြင်ဖို့ အရေးကြီးဆုံးပဲ။
မြတ်စွာဘုရားသာသနာတော်နဲ့ ကြုံတွေ့တဲ့အချိန်မှာမှ မိမိကိုယ်ကို ကောင်းအောင် မပြင်လိုက်နိုင်ဘူးဆိုရင်
နောင် ကောင်းအောင်ပြင်ဖို့ဆိုတာ တော်တော်ခဲယဉ်းသွားလိမ့်မယ်။
လောကမှာ ရုပ်ကိုပြုပြင်ကြတာတော့ ခေတ်ကာကမရွေး၊ ဒေသမရွေး ပြုပြင်နေကြတာပဲ။
လူတွေက မိမိရဲ့ ရုပ်ခန္ဓာ ကိုယ် မလှ, လှအောင်၊ မ၀, ၀အောင်ဆိုတာ နေ့စဉ်နဲ့အမျှ ပြင်နေကြတာ။
မိမိတို့ကိုယ်တိုင်ပြင်တာ အားမရလို့ ပြုပြင်တဲ့ဌာနတွေ ဗျူတီပါလာတို့ ဘာတို့သွားပြီး ပြင်နေကြတာပဲနော်။

ဒီတော့ လောကမှ လူတွေဟာ ဘာတွေလုပ်နေသလဲလို့ စဉ်းစားကြည့်ရင် ပြင်နေကြတာပဲ။
အများစုက ဘာတွေပြင်နေတာတုန်းလို့ မေးကြည့်လိုက်ရင် ကိုယ်ခန္ဓာကိုယ်ကြီးကောင်းအောင် ပြင်နေကြတာပဲ မဟုတ်လား။
Physical Body လို့ခေါ်တဲ့ အပြင်ပန်း ရုပ်ခန္ဓာကိုယ်ကြီး လှဖို့အတွက် လူတိုင်း ကြိုးစားနေကြတယ်။
သပ်ရပ်သန့်ရှင်းမှုဆိုတဲ့ အနေအထားထက် ကျော်လွန်ပြီးတော့ လှဖို့ပဖို့ဆိုတဲ့ အဆင့်ထိ ရောက်လာတယ်။

လူဆိုတာ သန့်သန့်ရှင်းရှင်း၊ သန့်သန့်ပြန့်ပြန့် ဒီလိုတော့ နေရမှာပေါ့။
အလှပြင်တာနဲ့ သန့်ရှင်းအောင်နေတာ မတူဘူး။
သန့်ရှင်းအောင်နေတယ်ဆိုတာ ကိုယ့်ခန္ဓာကို အညစ်အကြေးတွေ မကပ်ရုံ၊ သင့်တော်ရုံ သန့်ရှင်းပြီးတော့နေတာ၊
ဒါ အလှပြင်တာမဟုတ်ဘူး။ သန့်ရှင်းအောင်နေတာ။
လူတိုင်းလူတိုင်း ခန္ဓာကိုယ်သန့်ရှင်းအောင်ကတော့ နေသင့်တယ်ပေါ့။

သန့်ရှင်းမှုက ကျန်းမာရေးအတွက်လည်းပဲ အထောက်အကူပြုတယ်၊ အသိဉာဏ်ဖွံ့ဖြိုးဖို့အတွက်လည်းပဲ အထောက်အကူပြုတယ်။
ရုပ်ခန္ဓာကြီးက ညစ်ပတ်နေမယ်၊ ကိုယ်ဝတ်တဲ့ အ၀တ်အစားတွေက ညစ်ပတ်နေမယ်၊ ကိုယ်နေတဲ့အိမ်ဂေဟာက ညစ်ပတ်နေမယ်၊
အစစအရာရာ ညစ်ပတ်နေမယ် ဆိုလို့ရှိရင် လူက ရောဂါလည်းရနိုင်တယ်၊ စိတ်ကြည်လင်မှုကိုလည်း မဖြစ်စေနိုင်ဘူး။
စိတ်စွမ်းအားတွေပါ ကျသွားတက်တယ်။

ဒါကြောင့်မို့ ပညာရပ် တိုးတက်ဖို့ဆိုတဲ့အထဲမယ် သန့်သန့်ရှင်းရှင်းနေတက်ဖို့ဟာ အကြောင်းတစ်ခုပဲ။
ကမ္မဋ္ဌာန်းအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ ဒါကို သတိထားရမယ်။
ကမ္မဋ္ဌာန်းအားထုတ်ရင် ညစ်တီးညစ်ပတ်တော့ သွားအားမထုတ်လေနဲ့၊
ဘာဖြစ်လို့ ညစ်တီးညစ်ပတ် အားမထုတ်လေနဲ့လို့ ပြောတုန်းဆိုရင်
မည်းညစ်နေတဲ့ မီးစာ၊ မည်းညစ်နေတဲ့ဆီတို့မှာ ထွန်းထားတဲ့
မီးဟာ မတောက်ပဘူး၊ သန့်သန့်ပြန့်ပြန့်ဆိုရင် ပိုပြီးတော့ တောက်ပတယ်။
လူမှာလည်းပဲ ထို့အတူပဲ၊ ခန္ဓာကိုယ်သန့်ရှင်းရေး အားနည်းနေတယ်၊
သန့်ရှင်းမှုမရှိဘူး ဆိုလို့ရှိရင် လူ့ရဲ့စိတ်ဟာ မကြည်လင်လို့ အသိအသိဉာဏ်လည်း မတောက်ပဘူးလို့ ဒီလိုပြောတာ၊
ရုပ်ခန္ဓာကိုယ်နဲ့ နာမ်တရားဆိုတာ ဆပ်စပ်နေတာမို့ သန့်ရှင်းမှုတော့ လုပ်ရမယ်။

မြတ်စွာဘုရား ကိုယ်တိုင်ကိုက ခန္ဓာကိုယ်ကို သန့်ရှင်းအောင် လုပ်ရမယ်လို့
ဟောတဲ့နေရာ အင်မတန်မှနည်းတယ်၊ မရှိသလောက်ပဲ။
"သစိတ္တ ပရိယောဒပနံ" ကိုယ့်စိတ်လေးကို ကိုယ်ဖြူစင်အောင် လုပ်ပါလို့ပဲဟောတယ်၊ စိတ်ဖြူစင်မှုက အဓိကကျတယ်၊
ဒါကြောင့် စိတ်ဖြူစင်မှုကို အရေးပးပြီးတော့ လုပ်ရမှာဖြစ်တယ်။

စိတ်ဖြူစင်အောင်လုပ်တယ် ဆိုတဲ့နေရာမှာ ဘာတွေက မဖြူစင်တာလဲ? ဘယ်အရာတွေ ကိုယ့်စိတ်ထဲရှိနေရင် မဖြူစင်တာလဲ?
ဘယ်အရာတွေဖြစ်မှ ဖြူစင်တာလဲ? ဆိုတာလည်း သိဖို့လိုတယ်။
ပြင်ပဗဟိဒ္ဓမှာ ကိုယ့်အ၀တ် ညစ်ပေနေလို့ရှိရင် သိတယ်၊
ဒါက အ၀တ် ညစ်ပေစေတက်တယ်။ ဖုန်တွေ အရောင်မကောင်းတဲ့ အညစ်အကြေးတွေပေါ့။
အဲဒါတွေကို စင်ကြယ်အောင် စင်ကြယ်စေတက်တဲ့ ဆပ်ပြာတို့ ရေတို့နဲ့ရောပြီးတော့ လျှော်ကြ၊ စင်ကြယ်အောင်လုပ်ကြ၊ ဖြူစင်အောင် ကြိုးစားကြတယ်။
သို့သော် ကိုယ့်စိတ်လေးညစ်ထေးနေတာကျတော့ စင်ကြယ်အောင်လုပ်ဖို့ အများက သတိမရဘူး၊
လွှတ်ထားကြတယ်။ လူ့သဘာဝလို့လည်း တွက်တယ်။
"လူဆိုတာ လှတာမြင်ရင် သဘောကျမယ်၊ မလှတာမြင်ရင် စိတ်ထဲမှာ မခံချိ မခံသာဖြစ်မယ်၊
ဒါ လူ့သဘာဝပဲ" ဆိုပြီးတော့ လွှတ်ထားကြတယ်၊
စိတ်ရဲ့ အညစ်အကြေးမှန်း မသိကြဘူး၊ အညစ်အကြေးလို့ အသိအမှတ်မပြုကြဘူး။
အဲဒီလို မသိသေးသမျှ ကာလပတ်လုံး စိတ်ဖြူစင်အောင်စိတ်အလှပြင်ဖို့ဆိုတာကို ဘယ်သူမှ လုပ်မှာမဟုတ်ဘူး။။။

သန့်ရှင်းမှုထက် ကျော်လွန်ပြီးတော့ အလှပြင်တာမျိုးကျတော့ တစ်ဖက်စွန်းရောက်သွားပြီ။
မလှ, လှအောင် မရှိတာကို အရှိလုပ်တာပေါ့နော်။
အခုခေတ်မှာ မရှိတာကို အရှိလုပ်တာ တော်တော်များတယ်။
ကိုယ့်မှာ အမေမွေးတုန်းက ဆံပင်ကလေးက အနက်ရောင်ကလေးရှိတာ၊
အဲဒါ ရွှေဝါရောင်ရှိချင်တယ်။ အခြားအညိုရောင်ရှိချင်တယ်၊ ရောင်စုံရှိချင်တယ်ပေါ့လေ။
ဒီလို မရှိတာကို ရှိချင်လို့ ရှိအောင်လုပ်လာတဲ့အခါကျတော့ ပြဿနာကို ဖိတ်ခေါ်သလိုဖြစ်တယ်။
ဆံပင်ကို ဆေးဆိုးတာတွေဟာ အန္တရာယ်ရှိမရှိ ဆရာဝန်တွေကို မေးကြည့်တဲ့အခါကျတော့ အန္တရယ်ရှိတယ်တဲ့။
ဒီဆေး chemical တွေဆိုတာ ချက်ချင်းတော့ ဒုက္ခမပေးဘူးပေါ့၊ သဘာဝမဟုတ်ဘဲနဲ့ ကျော်လွန်းပြီးတော့
လုပ်ထားတဲ့ဆေးတွေမှာပါတဲ့ chemical နဲ့ ဖြစ်ပေါ်စေတဲ့အရောင်တွေ အဲဒါတွေက လူ့ရဲ့ဆံပင်ကို ဆိုးရင်းကနေပြီး
ဦးရေတွေဘာတွေထိအောင်ထိလာတယ်။ ထိတဲ့အခါကျတော့ ဒါတွေဟာ အန္တရာယ်ရှိတယ်လို့ ဒီလိုပြောတာ၊
ဘယ်အရာပဲဖြစ်ဖြစ် အလေးမနက်ထားဆင်ခြင်စဉ်းစားဖို့ရာ လိုအပ်တယ်ပေါ့။

လောကလူတွေ ပြင်ဆင်နေကြတာ ဘာတွေကို ပြင်ဆင်တုန်းဆို ကိုယ့်ခန္ဓာကိုယ်ကိုလှဖို့ပဖို့ ပြင်ကြတယ်။
သို့သော် မပြင်ဘဲနေတာ ဘာလဲလို့ဆိုရင် အကျင့်စရိုက်တွေ မပြင်ဘူး။
စိတ်နေသဘောထားတွေ မပြင်ဘူးတဲ့။ စိတ်တိုတက်တဲ့ လူက
"ငါ စိတ်တိုတက်တယ်နော်" ဆိုပြီး ဂုဏ်တောင်ယူနေသေးတယ်။
"ငါ့ လာမစမ်းနဲ့၊ ငါ့စိတ်ကမရဘူး" လို့ပြောတယ်။ ဒါပေမယ့် ပြင်ဖို့ စိတ်မ၀င်စားဘူး။
လောဘကြီးတဲ့သူကလည်း ပြင်ဖို့စိတ်မ၀င်စားဘူး၊ ဒေါသကြီးတဲ့သူကလည်း ပြင်ဖို့စိတ်မ၀င်စားဘူး။
ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်လေ့လာကြည့်ပြီး ကိုယ်ဘာတွေ ၀ါသနာပါတယ်ဆိုတာ ပြင်ဖို့စိတ်မ၀င်စားဘူး။
တစ်ခါတုန်းက ပြောသံကြားဖူးတယ်၊ အသက်အရွယ်ကြီးတဲ့ အဘိုးကြီးတွေ အဘွားကြီးတွေ မြေးသံယောဇဉ်တော့ ဖြတ်နိုင်ပါတယ်၊
ကိုရီးယားဇာတ်ကားလေးတော့ ကြည့်ပါ့ရစေဦးဆိုတာ - အပြင်နိုင်တာလေးတွေ ရှိတယ်လို့ ဒီလိုဆိုလိုတာပေါ့နော်။
အဲဒီလိုကိုယ့်စိတ်ကို မပြင်နိုင်ကြဘူး။ လူတွေဟာ စိတ်မပြင်နိုင်လို့ သံသရာထဲမှာ တ၀ဲလည်လည် ဖြစ်နေတာလေ။

ဘာတွေဟာ စိတ်တွေရဲ့ အညစ်အကြေးတွေလဲ၊ Impurity တွေလဲ၊
အဲဒါတွေကို ဘယ်လိုစင်ကြယ်အောင် လုပ်ရမလဲ? ဆိုတာ သိတဲ့ပုဂ္ဂိုလ်တွေကျတော့ ရခိုင်နှုန်းပိုနည်းသွားပြီ။
ဒါကြောင့်မို့ မြတ်စွာဘုရားသာသနာတော်နဲ့ တွေ့ကြုံလာတဲ့ အခိုက်ကလေးမှာ စိတ်ရဲ့အညစ်အကြေးဆိုတာ ဘာတွေလဲ၊
စိတ်မဖြူစင်ဘူးဆိုတာ ဘာလဲ၊ စိတ်ကို မဖြူစင်စေတဲ့ စိတ်ရဲ့အညစ်အကြေးတွေကို ဘယ်လိုသန့်ရှင်းရေးလုပ်ရမလဲ ဆိုတာတွေ
သိရှိနားလည်ဖို့လိုတယ်။ အခုလို တရားပွဲကြီးတွေ ကျင်းပတာ ဒါတွေသိအောင်လုပ်တာနော်။
တကယ်ကတော့ ကိုယ့်ဘ၀မှာ မကောင်းတဲ့အရာတွေကို ဖယ်ရှားလို့ ကောင်းတဲ့အရာတွေကို လက်ခံကြိုးစားဖို့၊
ကောင်းအောင်ပြင်တက်ဖို့အတွက် ပညာယူနေတဲ့ သဘောပဲ။

"အလေးထား၍ စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်" မိမိကိုယ်ကို မိမိ အလေးစား၍၊ မိမိရဲ့ ပတ်ဝန်းကျင် လောကကြီးကို
အလေးထား၍၊ မြတ်စွာဘုရား ဟောကြားတဲ့ အမှန်တရားတွေကို အလေးထား၍ အလေးအနက် ဆင်ခြင်စဉ်းစားပြီးတော့
ကိုယ့်ကိုယ်ကို ကောင်းအောင်ပြင်တယ်၊ ကောင်းအောင်ပြင်တယ် ဆိုတာ မကောင်းတဲ့ စရိုက်တွေ ကောင်းလာအောင်၊
အကုသိုလ်တွေ ဖယ်နိုင်အောင် ကြိုးစားတယ်၊ ကုသိုလ်တွေကို တိုးပွားလာအောင် ကြိုးစားတယ်၊ အကုသိုလ်မှန်မျှရှောင်လို့၊
ကုသိုလ်မှန်သမျှ မိမိသန္တာန်မှာ ပြည့်စုံစေအောင်၊ စိတ်ဖြူစင်အောင် ထားနိုင်အောင် ကြိုးစားအားထုတ်ကြတယ်။
အဲဒီလို အားထုတ်ခြင်းသည်သာလျှင် မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်၊ ဒီလိုလုပ်မှသာလျှင် "လူ့ဘ၀တစ်ခု ရလာရကျိုး၊ ဘုရားသာသနာတော်နဲ့ ကြုံတွေ့ရကျိုး၊ တို့တစ်တွေ လူဖြစ်ရကျိုးနပ်မှာ" လို့ ကိုယ်စီကိုယ်စီ သဘောကျပြီးတော့ ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေသတည်။
(သာဓု..သာဓု..သာဓု ပါ အရှင်မြတ်ဘုရား....။)

ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ၏ "အလေးထား၍ စဉ်းစားဆင်ခြင်ကောင်းအောင်ပြင်"
တရားစာအုပ်မှ ကောက်နုတ်၍ ဓမ္မဒါနပြုအပ်ပါသည်.။
၂၀၁၄ ခုနှစ် မင်္ဂလာနှစ်သစ်မှာ ကုသိုလ်ကောင်းမှု့တို့ဖြင့် ပြည့်စုံနိုင်ကြပါစေရှင်...။
မိုးတိမ်လွင်ပြင် (Pakokku)

No comments:

Post a Comment