မူလစာမျက်နှာ

Wednesday, July 23, 2014

ကုသိုလ်ပူနွေးနေပါစေ (ဆရာတော် အရှင်ဆန္ဒာဓိက)

ကုသိုလ်ပူနွေးနေပါစေဆိုတာက ကုသိုလ်တွေ အေးစက်မနေပါနဲ့တဲ..။
ကုသိုလ်အေးစက်နေတယ်ဆိုတာက ကုသိုလ်တစ်ခုနဲ့တစ်ခုကြားမှာ အချိန်ကာလတွေ
အကြာကြီးခြားနေတဲ့အတွက်ကြောင့် ကုသိုလ်တွေအေးစက်နေပါတယ်..။
ပြုပြီးသားကုသိုလ်တွေလည်း မေ့နေတယ်..နောင်ပြုမဲ့ကုသိုလ်တွေလည်းမေ့နေတက်ပါတယ်.
ကုသိုလ်တစ်ခုနဲ့တစ်ခုကြားမှာ အချိန်ကာလအများကြီးကွာနေတော့ ကိုယ့်ရဲ့စိတ်အစဉ်မှာ ကုသိုလ်ဓာတ်တွေဖြစ်မနေဘူး။
လောလောဆယ် ပူပူနွေးနွေးကုသိုလ်တွေဖြစ်နေဘူး။။ ဒါကို ကုသိုလ်အေးစက်နေပါတယ်လို့ခေါ်ပါတယ်.။
တစ်ချို့က ကုသိုလ်ကောင်းမှု့တွေမမေ့ပါဘူး၊ ကုသိုလ်ကောင်းမှု့တွေအမြဲတမ်းလုပ်နေပါတယ်..၊
မမေ့ပါဘူးဆိုပေမဲ့ တစ်နှစ်မှတစ်ခါကုသိုလ်လုပ်တာမျိုး၊
တစ်လမှ တစ်ခါကုသိုလ်လုပ်တာမျိုး၊ အခါကြီး ရက်ကြီးတွေမှ ကုသိုလ်လုပ်တာမျိုး၊
ဝါ၀င် ၀ါထွက်ကြမှ ကုသိုလ်ကောင်းမှု့ပြုတာမျိုး၊ မွေးနေ့ အထိမ်းအမှတ်နေ့ရောက်မှ ကုသိုလ်ကောင်းမှု့ပြုတာမျိုးဖြစ်နေတယ်..။
အဲဒီတော့ ကုသိုလ်တစ်ခုနဲ့တစ်ခုကြားမှာကုသိုလ်တွေက အချိန်အကြာကြီးခြားနေတဲ့အတွက် စိတ်အစဉ်မှာအမြဲတမ်းကုသိုလ်ဓာတ်တွေဖြစ်မနေဘူး။ ကုသိုလ်ပူနွေးတယ်ဆိုတာက ရှေ့နဲ့နောက်ကုသိုလ်တွေဆက်စပ်နေတာကိုပြောတာ
မနေ့ကလည်း ကုသိုလ်နဲ၊့ ဒီနေ့လည်းကုသိုလ်နဲ၊့ မနက်ဖြန်လည်းကုသိုလ်နဲ့။
အရင်တစ်ပတ်လည်းကုသိုလ်နဲ့၊ အခုတစ်ပတ်လည်းကုသိုလ်နဲ့၊ နောက်တစ်ပတ်လည်းကုသိုလ်နဲ့။
အရင်လလည်း ကုသိုလ်နဲ့၊ အခုလလည်း ကုသိုလ်နဲ့၊ နောက်လလည်း ကုသိုလ်နဲ့။
အတိတ်၊ ပစ္စုပါန်၊ အနာဂါတ် မှာ ကုသိုလ်ကောင်းမှု့တွေ ရှေ့နောက်မပြတ် ဆက်စပ်နေတာကိုပဲ ကုသိုလ်ပူနွေးနေတယ်လို့ခေါ်ပါတယ်..။
ဒါကြောင့်ကုသိုလ်ဟာ တစ်ခါတစ်ရံမှာ ပြတ်တောင်းပြတ်တောင်း လုပ်ပြီး အေးစက်နေတာမျိုးဖြစ်မနေစေရဘူး။
ရှေ့နောက် အဆက်မပြတ် ပြုနေတဲ့အတွက်ကြောင့် ကုသိုလ်ပူနွေးနေတာမျိုးပဲဖြစ်ရမယ်..။
ကုသိုလ်ဆိုတာလည်း ပြု ပြီးအဟောင်းနဲု့ကုသိုလ်ပူနွေးတာရယ်..၊
ပြုဆဲအသစ်နဲ့ကုသိုလ်ပူနွေးတာရယ်၊ ပြုပြီးအဟောင်းနဲု့ကုသိုလ်ပူနွေးတယ်ဆိုတာက ပြု ပြီးတဲ့ကုသိုလ်တွေနဲ့ထပ်တလဲလဲ
အောင်းမေ့သတိရနေတာဖြစ်တယ်.။ ပြုဆဲအသစ်နဲ့ကုသိုလ်ပူနွေးတယ်ဆိုတာက အခုလောလောဆယ်ကို
ကုသိုလ်အသစ်တွေပြုနေတာ နောင်ပြုမဲ့ကုသိုလ်တွေအတွက်လည်း ကြိုတင်ပြင်ဆင်နေတာ အဲဒါဆိုရင် ပြုဆဲအသစ်နဲ့ကုသိုလ်ပူနွေးနေတာလို့ခေါ်တယ်၊။
ပြုပြီးကုသိုလ်အဟောင်းနဲ့လည်းကုသိုလ်ပူနွေးနေရမှာပဲ ပြုဆဲကုသိုလ်အသစ်နဲ့လည်း ကုသိုလ်ပူနွေးနေရမှာပဲ။
ပြုပြီးသားကုသိုလ်အဟောင်းတွေကို သတိရဖို့ဆိုရင် မှတ်တမ်းစာအုပ်ထဲမှာ စနစ်တကျမှတ်သားထားဖို့တော့လိုတယ်။
ဘယ်နေ့ဘယ်ရက်ကို ဘယ်သူ့ကိုဘယ်လောက်လှူလိုက်တယ်..ဘယ်လောက်ကုန်ကျတယ်.. စသည်အားဖြင့်ပေါ့။
ကိုယ်လှူတိုင်း လှူတိုင်း ကိုယ်ပြုလုပ်ထားတဲ့ကုသိုလ်တွေကို မှတ်တမ်းစာအုပ်ထဲမှာပြုစုထားမယ်ဆိုရင်
မကြာမကြာဒီစာအုပ်လေးပြန်ပြန်ဖတ်ပြီးတော့ ငါ ဘယ်နေ့ဘယ်ရက်က ဘာလှူခဲ့တာပါ့လားလို့ ပြန်သတိရပြီးတော့
အခုလောလောဆယ်ကိုလှူနေရသလို၊ အခုလောလောဆယ်ကို ကုသိုလ်ပြုနေရသလို ကုသိုလ်ပူနွေးသွားတယ်။
ဒီအတိုင်းပဲ မှတ်တမ်းစာအုပ်ထဲမှာ မှတ်မထားဘူးဆိုရင်တော့ ကုသိုလ်ကောင်းမှု့တွေမေ့နေတက်တယ်.။
လှူပြီးခါစ နှစ်ရက် သုံးရက်တော့မှတ်မိနေသေးတယ်။ ကြာသွားတဲ့အခါမေ့သွားတက်တယ်..။
ဒါကြောင့် ကုသိုလ်မှတ်တမ်းထဲမှာသေချာမှတ်ထားတယ်ဆိုရင်တော့ စာအုပ်လေးမကြာမကြာပြန်ဖတ်ပြီးတော့ ဘယ်နေ့ဘယ်ရက်က ဘယ်မှာ ဘာလှူခဲ့ဘူးပါ့လားဆိုပြီး ပြန်လည်သတိရပြီး
လှူပြီးသားကုသိုလ်တွေ အစဉ်ထာဝရပူနွေးစေပါတယ်..။
ဒါနကုသိုလ်လေးနဲ့လည်းကုသိုလ်ပူနွေးနေရမယ်..။ တခြား သီလကုသိုလ်၊
ဘာဝနာကုသိုလ်၊ ၀ိပဿနာ ကုသိုလ်တွေနဲ့လည်း ကုသိုလ်ပူနွေးနေရမယ်..။
ပြုဆဲအသစ်နဲ့လည်းကုသိုလ်ပြုနေရမယ်..၊ ဒီနေ့မှာလည်း ကုသိုလ်အသစ်တွေထပ်ပြုနေရမယ်..။
မနက်ဖြန်မှာ ကုသိုလ်အသစ်ပြုဖို့ရှိတယ်ဆိုရင်လည်း မနက်ဖြန်မှာဘာလေးလုပ်ရအုံးမယ်..။
နောက်တစ်ပတ်မှာ လှူ စရာကုသိုလ်တစ်ခုခုစီစဉ် ထားတယ်ဆိုရင်.. နောက်တစ်တော့ဘယ်အလှူ လှူရအုံးမယ်..။
ဘာတွေလုပ်ရအုံးမယ်..။ နောင်အနာဂါတ်နီးနီးမှာ ပြုလုပ်စရာကုသိုလ်တွေရှိတယ်ဆိုရင်တော့
အဲဒီကုသိုလ်တွေ ပူနွေးနေအောင် ကြိုတင်ပြင်ဆင်.. ကြိုတင်စီစဉ်ရင်းနဲ့ပဲ ကိုယ့်စိတ်ထဲမှာ
ကုသိုလ်ဓာတ်တွေ တစ်ဖွားဖွားဖြစ်နေတာကိုက ကုသိုလ်တွေပူနွေးနေတယ်လို့ခေါ်တာပါပဲ..။
အဲဒီတော့ အနာဂါတ်နီးနီးနားနားမှာလည်း ပြုစရာကုသိုလ်အသစ်တွေ အဆင်သင့်ရှိနေရမယ်..။
ပစ္စုပ္ပါန်လောလောဆယ်မှာလည်း ကုသိုလ်တွေပြုနေရမယ်ပေါ့..။
ပြီးခဲ့တဲ့ အတိတ်မှာလည်း နီးနီးကပ်ကပ် ပြုပြီးသား ကုသိုလ်ကောင်းမှု့တွေအဆင်သင့်ရှိနေရမယ်ပေါ့..။
ဒီနေရာမှာ ကုသိုလ်... ကုသိုလ်ဆိုတာ ဒါနကိုအဓိကထားပြီးပြောနေတာပါ..။
ဒါကြောင့်မို့ ဒါနကုသိုလ်ကအမြဲတမ်းပူနွေးနေဖို့လိုပါတယ်..။
လူအများစုက သေခါနီဆိုရင် သီလတို့ သမထ၀ိပဿ နာတို့နဲ့ သေဖို့က သိမ့်မလွယ်ပါဘူး..။
ဒါကြောင့်မို့ သီလ၊ သမထ၀ိပဿနာကုသိုလ်တွေ ဘယ်လောက်ပဲလုပ်လုပ် ဒါနကုသိုလ်ကတော့
လုပ်ကိုလုပ်ကြရမှာဖြစ်တယ်။ တကယ်အရေး တကယ့်ဘေးကျတော့ ဒါနကုသိုလ်က ပိုပြီးအာရုံပြုလို့ပိုလွယ်ပါတယ်..။
သီလအနေနဲ့လည်း မနက်အိပ်ယာထတာနဲ့ မျက်နှာသစ်၊ သန့်စင်ပြီးတော့ (၅)ပါးသီလဆောက်တည်ပါ..။
ဆောက်တည်ပြီးတဲ့အချိန်ကစပြီး လုံခြုံအောင်စောင့်ထိန်းပေါ့။
မနက်က မျက်နှာသစ်ပြီးကတည်းက ငါယူထားတဲ့ ငါးပါးသီလအခုထိမြဲနေတယ်..၊
အခုထိလည်း မကျိုးမပေါက်သေးဘူးဆိုပြီး ဆင်ခြင်ပြီးတော့ ကုသိုလ်တွေဖြစ်ပြီး
သီလကုသိုလ်တွေနဲ့ ကုသိုလ်ပူနွေးနေတာပေါ့..။
သွားရင်း၊ လာရင်း၊ လုပ်ရင်း၊ ကိုင်ရင်း၊ စားရင်း၊ သောက်ရင်း၊ ပြောရင်း၊ ဆိုရင်းနဲ့ပဲ ဘုရားဂုဏ်တော်လေးပွားလိုက်၊
မေတ္တာလေးပို့လိုက် အဆင်ပြေသလိုပေါ့၊ ဂုဏ်တော်ပွားဖို့အဆင်ပြေရင် ဂုဏ်တော်လေးပွါး၊
မေတ္တာလေးပို့ဖို့အဆင်ပြေတယ်ဆိုရင် မေတ္တာလေးပို့ပေါ့..။
နာသီးဝမှာသတိကပ်နေရင် ၀င်လေ ထွက်လေလေးကိုသတိလးနဲ့မှတ်ပြီး ၀င်လေ၊ ထွက်လေလေးရှု့မှတ်ပေါ့၊
သွားတာ၊ လာတာ၊ စားတာ၊ သောက်တာ၊ လုပ်တာ၊ ကိုင်တာ၊..ကိုယ်အမူအရာလေး ဘာပဲဖြစ်ဖြစ်စိတ်အမူအရာလေး ဘာပဲဖြစ်ဖြစ် ဖြစ်တိုင်းပျက်တိုင်းလေးရှု့မှတ်ပေါ့..။
ဒါန၊ သီလ၊ ဘာဝနာ၊ သမထ၀ိပဿနာ ကုသိုလ်ကောင်းမှု့တွေ ပြုပြီးအဟောင်းနဲ့ရော..
ပြုပြီးအသစ်နဲ့ရော ကုသိုလ်တွေပူနွေးနေရမယ်..။
ကိုယ့်စိတ်ထဲမှာ ကုသိုလ်ဓာတ်လေးတွေ အမြဲတမ်းဖြစ်ပြီးတော့ ကုသိုလ်ပူနွေးနေတယ်ဆိုရင်
လောလောဆယ်မှာလည်း စိတ်တွေအေးချမ်းနေတယ်၊ စိတ်တွေပျော်ရွှင်နေတယ်..၊
စိတ်တွေတက်ကြွနေတယ်.၊ နေရထိုင်ရတာ အင်မတန်ချမ်းသာတယ်.၊ ပီတိတွေဖြစ်ရတယ်ပေါ့၊
ကုသိုလ်ရဲ့ သဘာဝသတ္တိကိုက စိတ်ကို အေးချမ်းစေပါတယ်၊ စိတ်ကိုပီတိဖြစ်စေတယ်၊
စိတ်ကိုနှစ်သက်ဝမ်းမြောက်စေတယ်.၊။
ဒီတော့ ကုသိုလ်ပူနွေးနေမယ်ဆိုရင် လောလောဆယ်မှာလည်း အသက်ထင်ရှားရှိနေစဉ်မှာလည်း စိတ်အေးချမ်းပါတယ်..။
သေတယ်ဆိုတာလည်း နေတာလေး ပျောက်သွားတာကိုပဲသေတယ်လို့ခေါ်တာပါ.။
နေတာလေး ဆက်တိုက်ဆက်တိုက် ဖြစ်နေတာကနေ မနေရတာကိုပဲ သေတယ်ခေါ်တာဆိုတော့
အချိန်တိုင်း အချိန်တိုင်း ကုသိုလ်တစ်ခုမဟုတ်တစ်ခုနဲ့ ပူနွေးနေတယ်ဆိုရင် တစ်ခုမဟုတ်တစ်ခု အာရုံပြုရင်းနဲ့ ဖြတ်ခနဲရယ်လို့ သေသွားမယ်ဆိုရင်လည်း ကုသိုလ်အာရုံနဲ့သေတဲ့အတွက် ကောင်းရာသုဂတိကိုသေချာပေါက်ရောက်မှာပါပဲ။
အသေလှတဲ့သူတွေဖြစ်ကြမှာပါပဲ။  ဒါကြောင့် အနေလည်းလှ အသေလည်းလှ၊ အနေလည်းအေး အသေလည်းအေး၊
အနေလည်းကောင်း အသေလည်းကောင်း၊ အနေလည်းမြတ် အသေလည်းမြတ်၊ အနေလည်းပျော် အသေလည်းပျော်
ဖြစ်ချင်တယ်ဆိုရင် ပြု ပြီးကုသိုလ်အဟောင်းနဲ့လည်း ကုသိုလ်တွေပူနွေးနေပါစေ။ ပြု ဆဲကုသိုလ်အသစ်နဲ့လည်း ကုသိုလ်တွေပူနွေးနေပါစေ။
ကုသိုလ်ပူနွေးအောင် ကြိုးစားအားထုတ်နိုင်ကြတဲ့အတွက် မိမိတို့တောင်းတတဲ့ ဗောဓိဥာဏ်နှင့်တကွ နိဗ္ဗာန်ချမ်းသာကို
လျင်မြန်စွာ မျက်မောက်ပြုနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်းနဲ့ ဆရာတော်အရှင်ဆန္ဒာဓိကရဲ့ ကုသိုလ်ပူနွေးပါစေဆိုတဲ့
တရားတော်ဖြင့် ဓမ္မဒါနပြုအပ်ပါသည်...။

ကုသိုလ်ပူနွေးစေရန်အတွက်... ၂၀၁၄ ခုနှစ်အတွက် လှူဖြစ်ခဲ့သော ကုသိုလ်မှတ်တမ်းလေးကိုလည်း ဓမ္မမိတ်ဆွေများ နှင့်သူငယ်ချင်းတို့အား ဘာဝနာကုသိုလ်ရရန်အလို့ငှာ.. ဓမ္မဒါနပြုလိုက်ပါတယ်..။
မိမိလှူဒါန်းထားသော ကုသိုလ်မှတ်တမ်းလေးကို ကြည့်ရင်း ကုသိုလ်ပီတိဖြစ်မိပါတယ်..။

၁။ အဆောင်ရှိဘုရားခန်းတွင် နေ့စဉ် ပန်း၊ ရေချမ်း   လဲလှယ် ကပ်  လှူခြင်းတို့ဖြင့်ကုသိုလ်ယူခဲ့ပါသည်..။
၂။ အင်္ဂါနေ့နှင့် ကြာသပတေးနေ့နံနက်တိုင်းတွင် ပဇ္ဇောရုံကျောင်းမှ သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းလောင်းလှူခြင်းတို့ဖြင့် ကုသိုလ်ယူခဲ့ပါသည်..။
၃။ (23.2.2014) နေ့တွင် မွန်မြတ်သောသွေးလှူဒါန်းခြင်းဖြင့် ကုသိုလ်ယူခဲ့ပါသည်..။
၎။ (16.3.2014) နေ့တွင် ပဇ္ဇောရုံကျောင်းမှ သံဃာတော်များအတွက် တရားစာအုပ်များကို သူငယ်ချင်းများနှင့် စုပေါင်း၍ လှူဒါန်းခြင်းဖြင့် ကုသိုလ်ယူခဲ့ပါသည်..။
၅။ ဖားအောက်တောရတပ်ဦးဓမ္မရိပ်သာတွင် (26.4.2014) နေ့မှစပြီး ယနေ့ထိတိုင် စနေနေ့နှင့် တနင်္ဂနွေနေ့တို့တွင်  အချိန်ပိုင်းယောဂီအဖြစ် တရားစခန်းဝင်၍ တရားအားထုတ်ခြင်းနှင့် ဘုရားပန်းများလဲလှယ်ခြင်း၊ သန့်ရှင်းရေးများပြုလုပ်ခြင်းတို့ဖြင့် ဝေယျာဝစ္စကုသိုလ်ယူခဲ့ပါသည်..။
၆။ (13.4.2014) နေ့တွင် ပဇ္ဇောရုံကျောင်းတွင်ပြုလုပ်သော ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် သူငယ်ချင်းများနှင့် စုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းတို့ဖြင့် ကုသိုလ်ယူခဲ့ပါသည်..။
၇။  ဖားအောက်တောရတပ်ဦးဓမ္မရိပ်သာတွင် ဖွင့်လှစ်သော ဗုဒ္ဓဘာသာယဉ်ကျေးမှု့သင်တန်းတွင် (11.5.2014, 18.5.2014) နေ့တို့တွင် ကလေးငယ်များအား စာသင်ပေးခြင်းဖြင့် ဓမ္မဒါနကုသိုလ်ယူခဲ့ပါသည်..။
၈။  (24.5.2014) နေ့တွင် ဖားအောက်တောရတပ်ဦးဓမ္မရိပ်သာ၌ မွေးနေ့အာရုဏ်ဆွမ်းအဖြစ် ရှမ်းခေါက်ဆွဲများဖြင့်ကပ်လှူပူဇော်ခဲ့ပါသည်..။
၉။  (30.5.2014) နေ့တွင် ရုံးမှ သူငယ်ချင်းများအား မွေးနေ့အလှူအဖြင့်ရေခဲမုန့်နှင့် ကိတ်မုန့်များ ကျွေးမွေးခြင်းဖြင့် ကုသိုလ်ယူလှူဒါန်းခဲ့ပါသည်..။

သာဓု..သာဓု..သာဓု ပါ.. ထပ်တူထပ်မျှကုသိုလ်ရကြပါစေ...။


No comments:

Post a Comment