မူလစာမျက်နှာ

Wednesday, July 23, 2014

ပဋိစ္စသမုပ္ပါဒ်နှင့် ၀ိပဿနာ

"လောကကြီးဟာ တယ်ပြီး ဒုက္ခရောက်နေပါလား" ၊ ဘာဖြစ်လို့တုန်းဆိုရင် (ကိုယ့်ကိုကိုယ်လည်း စဉ်းစားပေါ့လေ)
"အိုရတယ်၊ နာရတယ်၊ သေရတယ်၊ သေပြီးလျှင် ပြန်မွေးရအုန်းမယ်၊ မွေးပြီးရင် ပြန်သေရအုန်းမယ်၊
 မွေးလိုက် သေလိုက်၊ စုန်ချီဆန်ချီ သံသရာထဲမှာ လည်နေရတာ"
ရပ်လို့မရတဲ့ ပြဿနာတခုလိုဘဲ ဖြစ်နေတယ်။

အိုခြင်း၊ နာခြင်း၊ သေခြင်းလို့ဆိုတာ လူတွေရဲ့ မဖြေရှင်းနိုင်တဲ့ ပြဿနာ၊
လူမှုရေးပြဿနာတို့၊ နိုင်ငံရေးပြဿနာတို့၊ မိသားစု ပြဿနာတို့၊
ဒါကို ပြဿနာလို့ထင်တယ်။ အိုတာ နာတာကို ပြဿနာလို့ မယူဆကြဘူး။
လူ့သဘာဝလို့ ယူဆကြတယ်.။
အဲဒါကြောင့် ပြဿနာလို့ မယူဆကြလို့ ဘယ်တော့မှ အဖြေရှာကြမှာ မဟုတ်ဘူး၊
ပြဿနာလို့ ယူဆမှသာ အဖြေရှာကြမှာ ဖြစ်တယ်..။

ဘုရားလောင်းတွေကျတော့ အိုတာ၊ နာတာ၊ သေတာကို ပြဿနာလို့ ယူဆကြတယ်၊ problem ပေါ့၊
ဘုရားလောင်းတွေက စဉ်းစားကြတယ်၊ ပြန်ပြီးတော့ မွေးရအုံးမယ်၊
ဒီ အိုရ၊ နာရ၊ သေရတာတွေဟာ ဘာကြောင့် ဖြစ်နေရတာလည်းဆိုတာ အဖြေထုတ်ကြည့်တော့
မွေးဖွားခြင်းဆိုတဲ့ ဇာတိရှိလို့ ဖြစ်နေရပါလားလို့၊ ဒါဖြင့် မွေးဖွားခြင်းဆိုတဲ့ ဇာတိ ဘာဖြစ်လို့ လာတုန်းဆိုတော့၊
ဘ၀ရှိနေလို့ပါလား၊ ဘာဖြစ်လို့ ဘ၀ကရှိရပြန်တာတုန်းဆိုတော့ ဥပါဒါန်ဆိုတဲ့ အစွဲအလန်း ရှိနေလို့ဘဲ၊
အဲဥပါဒါန်က ဘာဖြစ်လို့ ရှိရပြန်တာတုန်းဆိုတော့ တဏှာဆိုတဲ့ လိုချင်မှုရှိနေလို့ဘဲ၊
တဏှာဆိုတာက ဘာဖြစ်လို့ရှိနေတာတုန်းဆိုရင် ခံစားမှုဆိုတဲ့ ဝေဒနာရှိနေလို့ဘဲ။
စိတ်ရဲ့ ခံစားမှုဝေဒနာ ဘာဖြစ်လို့ရှိရတုန်းဆိုရင် အာရုံနဲ့ ဆုံမိတဲ့ ဖဿရှိနေလို့ဘဲ၊
ဒါဖြင့်လျှင် အာရုံနဲ့ဆုံမိတဲ့ ဖဿက ဘာဖြစ်လို့ရှိရတုန်းဆိုရင်
မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဆိုတဲ့ အာယတန (၆)ပါး ရှိနေလို့ဘဲ။
ဒါဖြင့် အာယတနာတွေ ဘာဖြစ်လို့ ရှိနေရတာလည်းလို့ဆိုရင် နာမ်တွေ ရုပ်တွေ ရှိနေလို့ဘဲ၊
နာမ်ရုပ်က ဘာဖြစ်လို့ ရှိရပြန်တာလည်းဆိုရင် ၀ိညာဏ်ရှိနေလို့ဘဲ၊
ဝိညာဏ်က ဘာဖြစ်လို့ ရှိရတုံးဆိုရင် သင်္ခါရဆိုတဲ့ ကံတရားရှိနေလို့ဘဲ၊
ဒါဖြင့် ဒီသင်္ခါရက ဘာဖြစ်လို့ရှိရတုန်းဆိုရင် အ၀ိဇ္ဇာကြောင့်ဘဲ ဆိုပြီး အဆုံးကနေ အစထိအောင် သွားတယ်။

ဘုရားလောင်းတွေဟာ နောက်ကြောင်းပြန်ပြီး အကြောင်းအရာတွေကို ရှာရှာပြီး ဆင်ခြင်စဉ်းစားသွားတာ၊
အကြောင်းအရာကို ရှာတွေ့တယ်၊ မှန်ကန်တဲ့အကြောင်းအရာတွေကို ရှာတွေ့နိုင်တယ်ပေါ့၊
သစ္စာတရားဆိုတာလည်း အကြောင်းနဲ့ အကျိုးပဲ ရှာတာဘဲ၊ ပဋိစ္စသမုပ္ပါဒ်လည်း အကြောင်းနဲ့အကျိုးရှာတာဘဲ၊
ဒါကြောင့် သစ္စာနဲ့ ပဋိစ္စသမုပ္ပါဒ်ဟာ အကျဉ်းနှင့် အကျယ်ပဲကွာတယ်ပေါ့။

ဆရာတော်ကြီး၏ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်တို့အား ရိုသေစွာဖြင့် ရှိခိုးပူဇော်ပါ၏  _/\_/\_/\_....

ဆရာတော်ကြီး အရှင်နန္ဒာမာလာဘိဝံသ၏ "ပဋိစ္စသမုပ္ပါဒ်နှင့် ၀ိပဿနာ" စာအုပ်မှ
ကောက်နုတ်စာစီ၍တရားအလှူပြုအပ်ပါသည်..။ (page 23 to 29)
ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည်။။။
မိုးတိမ်လွင်ပြင် (ပခုက္ကူ)

No comments:

Post a Comment